စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မတ်လ ၂၂ ရက်က စပြီး မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာနေတဲ့အတွက် မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေဟာ နားခိုစရာမရှိဘဲ အခက်အခဲတွေ့နေပါတယ်။
ဖေဖော်ဝါရီလဆန်းမှာ စစ်ကောင်စီက ပုလဲမြို့နယ် မွေ့တုံရွာ၊ ပန်းရွာ၊ လှော်ကားရွာတို့အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူတွေဟာ မီးဘေးအပြင် မိုးရွာတဲ့ဒဏ်ကိုပါ ထပ်ပြီးခံစားနေရတာပါ။
ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၈ ရွာတည်ရှိတဲ့ ပုလဲမြို့နယ်မှာနေထိုင်တဲ့ ပြည်သူ ၁ သိန်းခွဲကျော်ဟာ စစ်ဘေး၊ မီးဘေး၊ မုန်တိုင်းဘေးတွေကြောင့် နေထိုင်ဖို့အမိုး အကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပြတ်လပ်နေကြပါတယ်။
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတဦးက "အခုတောင်မိုးကရွာနေဆဲပဲဗျ။ ပုလဲမြို့နယ်မှာ စစ်ကောင်စီက မီးရှို့ထားတဲ့ ဆယ်ရွာထက်မနည်းမှာ နေထိုင်တဲ့ပြည်သူတွေကတော့ အခုအနေအထားမှာ နေပူတုန်းကလည်း ပူသလို ဒုက္ခရောက်ခဲ့တယ်။ အခု မုန်တိုင်းမိုးကြောင့် အနေအထိုင်တော်တော်လေးဒုက္ခရောက်ကြရတယ်။ တောထဲမှာ ယာအစပ်တွေမှာ တဲထိုးပြီးနေကြတယ်။ လုံလုံခြုံခြုံမဟုတ်ဘူးပေါ့ဗျာ။ အဖြစ်လေးတွေပေါ့။ သူတို့မှာ မိသားစုကြီးတဲ့သူတွေဆို ပိုဆိုးတယ်ဗျ။ နေပူတာကမှ အရိပ်ရှာနေလို့ရသေးတယ်။ မိုးရွာတော့ သူတို့မှာ နေစရာအရိပ်က မိုးခိုစရာမရှိဘူးဗျ။ မိုးရွာနေတော့ ချက်ရေးပြုတ်ရေးလည်း အင်မတန်ခက်ခဲတယ်။ အစားအသောက်တွေလည်းခက်ခဲကြတယ်။" လို့ ပြောပါတယ်
မိုးရွာနေတဲ့ကြားက စစ်ကောင်စီက စစ်ကား ၁၃ စီးနဲ့ တ်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး ပုလဲမြို့နယ်ကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့အတွက် ဒေသခံ PDF တွေပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ဟန့်တားဖို့ ကြိုးစားနေကြပါတယ်။
စစ်ကောင်စီလမ်းကြောင်း မြို့နယ်ထဲရောက်မလာအောင် ဒေသခံကာကွယ်ရေးတပ်တွေက လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပေမဲ့ အင်အားမမျှတဲ့အတွက် အခက်အခဲတွေ့နေရတယ်လို့ ဆိုပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေတဲ့ ပြည်သူတွေရဲ့လုံခြုံရေး စိုးရိမ်စရာဖြစ်တယ်လို့ ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
"ကျနော်တို့ မဟာမိတ်တွေက ပူးပေါင်းပြီးတော့ မိုင်းဆွဲတိုက်ခိုက်တာတွေရှိတယ်။ အဲ့ဒီအင်အားကို လုံးဝမလာအောင်က တားထားလို့မရဘူးဗျ။ ပေါက်လာခဲ့မယ်ဆိုရင် မီးဘေးကသင့်သေးတယ်။ အခုမုန်တိုင်းက ဝင်လာတယ်။ စစ်ကောင်စီရန်ကိုလည်း ကြောက်ရတယ်။ အဲ့ဒီအတွက် ပြည်သူတွေ ကျန်းမာရေးချို့တဲ့တာတွေဖြစ်လာနိုင်တာမို့လို့ ကျနော်တို့က စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်မှာကို တော်တော်လေးစိုးရိမ်နေပါတယ်။"
ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ရွာတွေကို မီးရှို့အကြမ်းဖက်မှုကြောင့် တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံရေးအတွက် ဒေသခံ PDF တွေက ကြိုးစားဆောင်ရွက်ပေး နေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို အချိန်နဲ့တပြေးညီ ပြည်သူကိုတင်ပြနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီက မတ်လ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းထဲမှာ နေအိမ်ပေါင်း ၄၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားတယ်လို့ Data Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းဒေသခံ အရပ်ဖက်အဖွဲ့တွေကတော့ ငွေကျပ် ၅ သောင်းတန် တန်ဖိုးနည်း တဲအိမ်တွေ တည်ဆောက်ပြီး ဒေသခံတွေကို ကူညီဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သောင်ရင်းမြစ်ဘေးမှာ ဖေဖော်ဝါရီ ၁၈ ည ၇ နာရီလောက်က မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ထောင်နဲ့ချီခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရေးအခက်အခဲတွေအပြင် နေထိုင်မကောင်းဖြစ်မှာ စိုးရိမ်နေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က စတင်ပြီး စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျေးရွာ ၅ ရွာက ထောင်နဲ့ချီတဲ့ နေရပ်ပြန်စစ်ဘေးရှောင်တွေဟာ ပြန်လည်ထွက်ပြေးတိမ်းရှောင်နေရင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေထဲမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါဝင်ပြီး ဖေဖော်ဝါရီ ၁၇ ရက် ညကစတင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် နေထိုင်ရေးအပြင် ကလေးငယ်တချို့ဟာ အအေးမိတာ၊ နှာစေးချောင်းဆိုးတာအပြင် ဝမ်းရောဂါတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီလို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
ဖလူးကြီးကျေးရွာသားတစ်ဦးက “အခုနေထိုင်နေရတာ လုံးဝအဆင်မပြေဘူး။ အဆင်မပြေတာတွေ ပြောနေရင် ကုန်မှာမဟုတ်ဘူး။ ကျနော်တို့အိမ် ကျနော်တို့ အေးအေးဆေးဆေး ပြန်ချင်ပြီ။ အခုကလေးတွေက နေထိုင်မကောင်းတာတွေ စလာပြီ။ အိမ်ပြန်ဖို့ စစ်ပွဲတွေ အမြန်ပြီးစေချင်ပြီ” လို့ ပြောပါတယ်။
စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမိုးကျော်က ”လတ်တလောမှာ အချိန်အခါမဟုတ် ရွာသွန်းလိုက်တဲ့အတွက် လိုအပ်နေတဲ့မိုးကာတွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးဖို့ ရှိပါတယ်။ ရှောင်တိမ်းလာတဲ့ စစ်ရှောင်တွေကများတော့ မလုံလောက်မှုတွေရှိခဲ့တယ်။ လိုအပ်တာတွေကို ကူညီလှူဒါန်းဖို့ အဖွဲ့အစည်းတွေကလည်း လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက်က တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲကိုကင်းရွာအနီးက မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက အပြီးပိတ်သိမ်းလိုက်တဲ့အတွက် ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ ခိုလှုံနေရတာပါ။
စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီးတွေနဲ့အတူ လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဟာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသမီးဟာ နေအိမ်မှာနေထိုင်နေစဉ် စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။