close

မီဒီယာသမားများ

close

November 23, 2022

အလွတ်တန်းသတင်းထောက် မသူဇာကို ထောင်ဒဏ် ၂ နှစ်ချမှတ်၊ မီဒီယာသမားများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် RSF တောင်းဆို 

မြန်မာအလွတ်တန်းသတင်းထောက် မသူဇာကို နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီးနောက် မီဒီယာသမားတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်တန့်သွားအောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာကို  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် မသူဇာဟာ  စစ်တပ်မုန်းတီးရေး ရေးသားဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့  အင်းစိန်ထောင်တွင်း တရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့တည်းက ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အလှလေးသူဇာ ခေါ်  မသူဇာဟာ အမိန့်မချမီ ထောင်တွင်းမှာ ၁၅ လကြာလောက် ဖမ်းဆီးခံထားခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်အခြေစိုက် RSFအဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသတာဝန်ခံ ဒန်နီယယ်ဘတ်စတာ့ဒ်က“မသူဇာကို မတရားဖမ်းဆီးပြီး စိတ်ကူးတည့်ရာ ပုဒ်မတွေနဲ့ အမိန့်ချလိုက်တဲ့ လုပ်ရပ်ဟာ မီဒီယာသမားတွေအပေါ်မှာ မြန်မာစစ်ကောင်ရဲ့ အကြမ်းဖက်မှုတွေကို သာမန်ဖြစ်ရပ်တစ်ခုလို လုပ်ပြလိုက်တဲ့ နောက်ထပ်သာဓကတစ်ခုပါပဲ။ သတင်းထောက်တွေကို သူတို့အပိုင်လိုသ ဘောထားပြီး လုပ်ချင်တိုင်း လုပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို နောက်ထပ်ဒီလိုမလုပ်နိုင်အောင် ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့ဖိအားပေးမှုတွေဆောင်ရွက်သွားဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကို ကျနော်တို့ဆက်သွယ်ပြီး တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။

တိုရူကူဘူတာကိုတော့ ပြန်လွှတ်ပြီးပြီးချင်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာသတင်းထောက် ၅ ဦးအပေါ် သူတို့ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကိုအပြီးတိုင် ပြန်လည်ရုပ်သိမ်းလိုက်တာမျိုး မဟုတ်တာကြောင့် စစ်ခေါင်းဆောင်တွေ စိတ်ကူးပေါက်သလို အလွယ်တကူပြန်လည် အဖမ်းခံရနိုင်ခြေလည်းရှိတယ်လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

ဆက်လက်ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၆၁ ဦးရှိနေတာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သတင်းထောက်တွေရဲ့အရေအတွက်ဟာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာဖြစ်တယ်လို့ ဆိုပါတယ်။

မီဒီယာသမားတွေကိုဖမ်းဆီးမှုမှတ်တမ်းမှာ တရုတ်နိုင်ငံဟာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒုတိယမြောက်ဖြစ်တယ်လို့ RSF က ပြောပါတယ်။ 

RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ  သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။

Photo-RSF

10 mins Ago

April 1, 2020

မီဒီယာသမားများ ဥပဒေလိုက်နာမှ အန္တရာယ်ကင်းမည်ဟု တပ်မတော်ပြော 

မီဒီယာသမားတွေဟာ နိုင်ငံသားတွေဖြစ်လို့ နိုင်ငံသားတိုင်းလိုက်နာရမယ့်ဥပဒေတွေကို လိုက်နာမှ အန္တရာယ်ကင်းမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ Voice of Myanmar အယ်ဒီတာချုပ်  ဖမ်းဆီးတရားစွဲဆိုခံရတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ သူတို့အနေနဲ့ တရားစွဲအဖွဲ့မဟုတ်တဲ့အတွက် သေချာမသိဘဲ ပြည်ထဲရေးဝန်ကြီး ဌာနကို မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ သို့သော်လည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာဖြစ်တဲ့အတွက် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း၊ အားပေးတာမျိုး ဖြစ်တာတွေ၊ ဝါဒဖြန့်တာတွေရှိနေတာကြောင့် အဲဒီဥပဒေနဲ့ တရားစွဲတာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် မီဒီသမားတွေဟာ နိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံသားတွေ လိုက်နာဖို့ ချမှတ်ထားတဲ့ဥပဒေတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ဒါကတော့ တရားစွဲတဲ့လူအပေါ်မူတည်တာပဲလေ။ မီဒီယာဥပဒေနဲ့ပတ်သက်လို့ကျ ဒါသည် နစ်နာတဲ့သူနဲ့တရား စွဲတဲ့သူက မီဒီယာဥပဒေနဲ့ မလုံလောက်ဘူးလို့ယူဆရင် တရားစွဲမှာပဲလေ။ တရားစွဲတာနဲ့ပတ်သက်လို့ ကျနော်တို့က ဘာမှဟိုဟာဖြစ်ပြီးပြောတာမဟုတ်ဘူး။ ပုဂ္ဂလိကပိုင်း ဆိုင်ရာမှာလည်း ဒီလိုပဲတရားစွဲနေတာပဲ။ ပုဂ္ဂလိကပိုင်းဆိုင်ရာမှာ ဒီမီဒီယာ ဥပဒေနဲ့တရားစွဲတာ မဟုတ်ဘဲ ကျန်တဲ့ဟာနဲ့ တရားစွဲတာလည်းရှိရင်ရှိမယ်။ မီဒီယာကောင်စီနဲ့ညှိနှိုင်းတာမျိုးလည်း ရှိရင်ရှိတယ်။ ကျနော်ပြောချင်တာကတော့ တစ်ခုပေါ့လေ။ ဒါကတော့ ကျနော်ပြောလိုက်ရင်လည်း နစ်နာတယ်ရှိဦးမယ်။ မီဒီယာသည်လည်း တစ်ဦးချင်းပြောမယ်ဆိုရင်နိုင်ငံသားပါပဲ။ ဒါကြောင့်မို့လို့ နိုင်ငံသားတိုင်းအတွက် လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာရင် ပိုအန္တရာယ်ကင်းမယ်လို့ပဲ ပြောချင်ပါတယ်”  မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)တို့နဲ့ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားစွဲဆိုထားပါတယ်။ လက်ရှိကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု သတင်းမှားတွေကို တရားဝင် သတင်းဌာနတွေနဲ့အတူ ပူးပေါင်းတိုက်ဖျက်ရမယ့်အစား သက်ဆိုင်ရာဌာနက အခုလို လုပ်ဆောင်တာဟာ မသင့်လျော်သလို ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလမျိုးနဲ့ မဆီ လျော်မအပ်စပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်းမြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ထုတ်ပြန် ထားပါတယ်။ သတင်း- ထင်ဝေအောင်
3 years Ago
Up