close

မီဒီယာသမား

close

February 12, 2022

မြန်မာတွင် သတင်းမီဒီယာသမား အယောက် ၆၀ ဆက်လက် ဖမ်းဆီးခံနေရ

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ သတင်းမီဒီယာသမား အယောက် ၆၀ လောက်ရှိလာပြီလို့  ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက နာမည်ဆိုးနဲ့သတင်းကျော်ကြားတဲ့ အင်းစိန်ထောင်မှာ သတင်းထောက် ၁၄ ယောက် ထက်မနည်း ထိန်းသိမ်းခံနေရတာပါ။

မြန်မာနိုင်ငံက အဖြစ်ဆိုးတွေအကြောင်း ကမ္ဘာကို အသိပေးဖို့ ကြိုးစားခဲ့တဲ့ သတင်းထောက်တွေအားလုံးကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ RSF ရဲ့ အာရှ-ပစိဖိတ်ရေးရာဌာန အကြီးအကဲ ဒန်နီရယ် ဘတ်စ်တတ်ဒ်က ပြောပါတယ်။ 

မနှစ်က မြန်မာစစ်အာဏာသိမ်းပြီးနောက်မှာ RSF ဟာ မြန်မာနိုင်ငံမှာ စီးပွားလုပ်နေတဲ့ နိုင်ငံပေါင်းစုံကို ပစ်မှတ်ထားတာ အပါအဝင် အဓိက စည်းရုံးရေး လှုပ်ရှားမှုကို စတင်ခဲ့တာပါ။ 

စစ်အကြမ်းဖက်အာဏာသိမ်းအဖွဲ့ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့မှုရှိနေတဲ့ ကိစ္စရပ်အားလုံးကို အဆုံးသတ်ဖို့ စီးပွားရေးကော်ပိုရေးရှင်း ၁၅ ခုဆီကို RSF က စာရေးတိုက်တွန်းခဲ့ပါတယ်။ 

အဲဒီထဲမှာ Total Energies၊ Chevron၊ Voltalia၊ Telenor နဲ့ Ericsson တို့ အပါအဝင် အတော်များများက သိပ်မကြာမီကာလအတွင်း မြန်မာနိုင်ငံကနေ ထွက်သွားတော့မှာ ဖြစ်ကြောင်း နောက်ဆုံးမှာ ကြေညာခဲ့ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ချိုးဖောက်မှု အကြီးမားဆုံးအချိန် မတိုင်မီ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ပြုစုခဲ့တဲ့ RSF ရဲ့နောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄၀ မှာ ရပ်တည်နေပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ သတင်းသမားတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ လက်ရှိအချိန်အထိ အကျဉ်းထောင် တွေထဲမှာ သတင်းသမားတွေ အယောက် ၆၀ လောက် ဖမ်းဆီးခံနေရတာပါ။

ဒီကနေ့ အကျဉ်းသား ၈၀၀ ကျော်ကို စစ်ကောင်စီကလွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက် ပေမဲ့ မွန်းလွဲပိုင်းအထိတော့ သတင်းသမားတွေပြန်လွတ်တာ မကြားသိရသေးပါဘူး။ 

8 mins Ago

September 10, 2015

ပါကစ္စတန်တွင် မီဒီယာသမား ၂ ဦး ပစ်သတ်ခံရ (ရုပ်သံ)

ပါကစ္စတန်နိုင်ငံတွင်းက သေနတ်သမားတွေဟာ ၂၄ နာရီအတွင်း မီဒီယာသမား ၂ ဦးကို အသေပစ်သတ်ခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ လူကြိုက်အများဆုံး ရုပ်သံဌာန နည်းပညာရှင် ၁ ဦးကို သတ်အပြီး ၂၄ နာရီ မပြည့်မီ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က သတင်းထောက် ၁ ဦးကို ထပ်ပစ်သတ်ခဲ့တာလို့ ပါကစ္စတန်ရဲတွေက ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချီက ဒီပစ်ခတ်မှုတွေ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပစ်ခတ်မှု ၂ ရပ်က ဆက်စပ်မှု ရှိ၊ မရှိလည်း မသိရသေးပါဘူး။ ရုပ်သံဌာန နည်းပညာရှင် သတ်ဖြတ်မှုမှာ တွေ့ရတဲ့ ကျည်ဆန်ခွံတွေက လတ်တလော ရဲ ၄ ဦး သတ်ခံရမှုက တွေ့တဲ့ ကျည်ဆန်ခွံတွေနဲ့ တူညီတယ်လို့ ရဲက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ သတင်းထောက်တွေအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။ ၂၀၁၄ တနှစ်တည်းမှာ သတင်းထောက် အသတ်ခံရမှု ၁၄ မှုကို မှတ်တမ်းတင်ထားတယ်လို့ နိုင်ငံတကာ သတင်းထောက်များ အသင်းချုပ်က ဆိုပါတယ်။ ပါကစ္စတန် သတင်းထောက်များ အသင်းချုပ်က အာမင် ယူဆွတ်ဖ်ကတော့ ဒါဟာ မီဒီယာအသံကို တိတ်အောင် ကြိုးစားတာ ဖြစ်တဲ့အတွက် နားလည်တယ်လို့ ပြောပါတယ်။ နိုင်ငံရဲ့ စတော့အိတ်ချိန်းနဲ့ ဗဟိုဘဏ်ရှိတာ ဘဏ္ဍာရေးမြို့တော် ကရာချီမှာ လူဦးရေ သန်း ၂၀ ရှိပြီး စစ်သွေးကြွ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေက ဖြစ်နေကျပါ။
6 years Ago
Up