close

မီးခိုးမြူပြဿနာ

close

April 25, 2023

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားရောက်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ဆွေးနွေး

ထိုင်းအစိုးရ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဒွန်းပရမတ် ဝိနိုင်းနဲ့ အဖွဲ့ဟာပြီးခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ မီးခိုးမြူတွေလျှော့ချရေး ကိစ္စ ဆွေးနွေးခဲ့တယ်လို့ Workpoint today ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၂၁ ရက်က အဆိုပါတွေ့ဆုံပွဲမှာ ထိုင်း-မြန်မာ-လာအို နယ်စပ်ဒေသတွင်း မီးခိုးမြူတွေလျှော့ချရေးကိစ္စ အပါအဝင် ထိုင်း-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လူမှောင်ခိုကုန်ကူးမှု တားဆီးရေး၊ တရားမဝင် မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှု နှိမ်နင်းရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

နေပြည်တော်တွေ့ဆုံပွဲမှာ ထိုင်းဘက်က နိုင်ငံခြားရေးရာ အတိုင်ပင်ခံ နန်းဖိမွန်း ကန်ကျနရတ်တန ကလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နှစ်နိုင်ငံနယ်စပ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အာဆီယံအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးစင်တာ AHA Centre ဖွင့်လှစ်ခဲ့တဲ့ကိစ္စတွေ ဖြည့်စွက်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင် ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးခဲ့တဲ့အကြောင်းပါ ပြောဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီပြန်ကြားရေဘက်ကတော့ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုတွေ၊ မူးယစ်ကုန်သွယ်မှုတွေနဲ့ လက်နက်ကုန်သွယ်မှုတွေ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။

ဒီလဆန်းပိုင်းကလည်း ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားဟာ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့အတူ အွန်လိုင်းပေါ်ကနေ ဆွေးနွေးရာမှာ တောမီးလောင်မှု တားဆီးရေး၊ တောင်ယာမီးရှို့မှု လျှော့ချရေးအတွက် တောင်သူလယ်သမားတွေကို ကုန်းတွင်းစိုက်ပျိုးရေး ထောက်ပံ့ကူညီရေး၊ လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ပြီး အသေးစား ဇီဝဓာတ်ငွေ့ထုတ်လုပ်ဖို့၊ စွန့်ပစ်ပစ္စည်းတွေကို လူ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ရီဆိုင်ကယ် ပြန်လည်ထုတ်လုပ်နိုင်ဖို့ နည်းလမ်းရှာဖွေတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအကြီးအကဲတို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ အကြမ်းဖက်မှုတွေလည်း ဖြစ်နေဆဲပဲလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးရတဲ့ ပြည်သူတွေ ရှိနေပြီး ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ဘက်ကိုလည်း မြန်မာဘက်က စစ်ဘေးရှောင် ၁၂,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်းလည်း  ဖော်ပြထားပါတယ်။

5 mins Ago

April 11, 2023

ထိုင်းတွင် မီးခိုးမြူပြဿနာ မဖြေရှင်းနိုင်သဖြင့် ပြည်သူများဆန္ဒပြ၊ ဝန်ကြီးချုပ်ကို တရားစွဲ

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှာ မီးခိုးမြူမှုန်တွေ အုံ့ဆိုင်းနေတာ  ၁ လကျော်ခဲ့ပြီ ဖြစ်တာကြောင့် ပြည်သူတွေက သည်းမခံနိုင်တော့ဘဲ  ဆန္ဒပြခဲ့ကြသလို အဓိကတာဝန်ရှိတဲ့ ဝန်ကြီးချုပ် ပရာယုဒ်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း တရားစွဲဆိုလိုက်ပါတယ်။

မြန်မာနယ်စပ် ချင်းရိုင်းမြို့မှာဆိုရင် ဧပြီလ ၁၀ ရက်က ရဟန်းသံဃာ ၊ ဆေးဘက်ဆိုင်ရာ ဆရာဝန်နဲ့ လူငယ်အဖွဲ့အစည်း၊ NGO အဖွဲ့အစည်း ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါတဲ့ လူပေါင်း ၂၀၀ လောက်ဟာ ချင်းရိုင်းမြို့ ဖော့ခွန်မန်းဂရိုင်း ဘုရင်ရုပ်ထုရှေ့ ပြည်သူ့ရင်ပြင်မှာ စုဝေးပြီး ခရိုင်ဝန်ကို PM 2.5 မီးခိုးမြူပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။ 

မီးခိုးမြူတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုစီးပွါးရေးထိခိုက်မှုတွေ တင်ပြပြီး ချင်းရိုင်းခရိုင်ဝန်အနေနဲ့ မီးခိုးမြူမှုန်တွေရဲ့ပြဿနာကို ရေတို ၊ ရေရှည်ဘယ်လိုဖြေရှင်းနေတယ်ဆို တာကို ပြည်သူတွေကို ပွင့်လင်းမြင်သာချပြဖို့ ၊  ဒီပြဿနာဟာ ထိုင်းနိုင်ငံတစ်ခုတည်းရဲ့ ပြဿနာ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ပတ်သက်တာကြောင့် ဒေသတွင်းအဆင့်အနေနဲ့ ဖြေရှင်းဖို့၊ ကုန်သည်တွေအနေနဲ့ တဘက်နိုင်ငံက တောင်ယာမီးရှို့ပြီး စိုက်ပျိုးလို့ရလာတဲ့ ထွက်ကုန်သီးနှံ တွေကို ဝယ်ယူအားပေးခြင်းမလုပ်ဖို့၊ သဘာဝဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေ အတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ ရေးသားထားတဲ့စာကို ခရိုင်ဝန်ဆီပေးပို့ခဲ့ပါတယ်။ 

ခရိုင်ဝန်ကိုယ်စား လက်ထောက်ခရိုင်ဝန်က တောင်းဆိုစာကို လာရောက်လက်ခံကာ မီးခိုး မြူပြဿနာကိုဖြေရှင်းနေကြောင်း၊ ရေတို ရေရှည်စီမံကိန်းလည်းရှိပါကြောင်း၊ လောလောဆယ် တောမီးရှို့တာနဲ့ ပတ်သက်သူ ၁၈ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း၊ မီးခိုးမြူ ပပျောက်ရေးအတွက် ရေတိုအနေနဲ့ တစ်ပတ်အတွင်း အရှိန်မြှင့်ဆောင်ရွက်သွားမယ့်ကြောင်း ပြောကြားသွားပါတယ်။ 

ဧပြီ ၁၀ ရက် တနေ့တည်းမှာဘဲ  ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း မီးခိုးမြူပပျော က်ရေး ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ 

ချင်းမိုင်ပြည်သူ့အဖွဲ့၊ ချင်းမိုင်တက္ကသိုလ် ဆေးဘက်ဆိုင်ဌာနနဲ့ ဥပဒေဌာနမှ ဆရာနဲ့ ကျောင်း သူကျောင်းသားတွေ၊ ချင်းမိုင်လေထုသန့်ရှင်းရေးအဖွဲ့ဝင်တွေပါတဲ့ လူ ၁၀၀ လောက်ဟာ ခရိုင်ဝန်ရုံးမှာ လာရောက်စုဝေးဆန္ဒပြပြီး မီးခိုးမြူကြောင့် ပြည်သူတွေခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေ တင်ပြကာ ပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီနှစ် ဇန်နဝါရီလကစ ဧပြီလဆန်းပိုင်းထိ မီးခိုးမြူကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားသူ ၂ သန်းကျော်ရှိကြောင်း၊ အဲဒီထဲက အများဆုံးမှာ ထိုင်းမြောက်ပိုင်းဒေသကဖြစ်ကြောင်း၊ မီးခိုးမြူကြောင့် အဆုတ်ယောင်၊ အဆုတ်ကင်ဆာရောဂါ၊ နှလုံးရောဂါတွေဖြစ်ပွါးနိုင်ကြောင်း ဆန္ဒပြသူတွေကဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မီးခိုးမြူပြဿနာကို လွန်ခဲ့တဲ့ ၄ - ၅ နှစ်ကတည်းက ဖြေရှင်းမယ်လို့ ပြောခဲ့ပေမဲ့ ဒီကနေ့ထိ ဘာမှမထူးခြားတဲ့အပြင်ပိုဆိုးလာတယ်၊ ဝန်ကြီးချုပ်အနေနဲ့ မိမိလုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာအသုံးချပြီး ပြတ်သားစွာ မဖြေရှင်းခဲ့ဘူး၊ ဒါကြောင့် ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား နဲ့တကွ  ထိုင်းနိုင်ငံသဘာဝဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊  မြေယာစီမံခန့်ခွဲရေးဌာနနဲ့ မြေယာရင်းနှီးမြှုပ်နှံမှုကော်မတီက တာဝန်ရှိသူတွေကို တရားစွဲကြောင်း ချင်းမိုင်ခရိုင်ဝန်ရုံးရှိ တရားရေးဌာနမှာ  ဦးတည်လျှောက်ထားခဲ့ပါတယ်။ 

အဆိုပါတရားစွဲဆိုမှုကိုတော့ တရားရေးဌာနက လက်ခံ/မခံဆိုတာကို တပတ်အတွင်း အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်းဒေသ ခရိုင်တွေမှာ PM 2.5 မြူမှုန်သိပ်သည်းမှုဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းထက် နှစ်ဆကျော်မြင့်မားနေတာ သီတင်းတစ်ပတ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အတိုင်းအတာအထိ ဆိုးရွားလာတာကြောင့်  ဒေသခံတွေအနေနဲ့ မျက်နှာဖုံး၊ နှာခေါင်းစည်းတွေ အချိန်ပြည့် ဝတ်ဆင်ထားရပါတယ်။ ဒါဟာ ဒေသတွင်းနဲ့ ဒေသအနှံ့အပြားမှာ ရာသီအလိုက် တောင်ယာမီးရှို့မှုတွေကြောင့် အခုလို လေထုညစ်ညမ်းနေတာပါ။

အထူးသဖြင့် သက်ကြီးရွယ်အိုတွေအပါအဝင် မြို့နေထိုင်သူတွေအနေနဲ့ အပြင်ထွက် လှုပ်ရှားသွားလာတာမျိုးကို ရှောင်ကြဉ်သင့်ပြီး မဖြစ်မနေ သွားလာရတဲ့အခါမှာလည်း လေထုအမှုန် အမွှား စစ်ထုတ်နိုင်တဲ့ နှာခေါင်းစည်းမျိုးကို ဝတ်ဆင်သင့်တယ်လို့ ထိုင်းဆေးဘက်ဆိုင်ရာဌာနက တိုက်တွန်းထားပါတယ်။

ချင်းမိုင်မြို့ကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ နာမည်ကြီး ဒွိုင်ဆူထပ်တောင်ပေါ်မှာ လိမ္မော်ရည်ရောင်းချသူ ဆူနတ်အင်ဆာအိုကတော့ ဒီလို လေထုညစ်ညမ်းမှုကြောင့် သူရဲ့ စီပွားရေးအပေါ် ထိခိုက်စေတယ်လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။ 

“တကယ်လို့ လေထုအရည်အသွေးက ဒီအတိုင်းဆက်ဖြစ် နေဦးမယ်ဆိုရင် မြို့ရှုခင်းကို မမြင်ရတော့တဲ့အတွက် တောင်ပေါ်ကို ဘယ်သူမှလာလည်တော့မှာ မဟုတ်ဘူးလို့။”

ချင်းမိုင်မြို့ဟာ ကမ္ဘာ့ပေါ်က လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့ကြီး ၃ မြို့ထဲမှာ ပါဝင်နေပြီး လေထုအရည်အသွေးညွှန်းကိန်း(AQI)ဟာ ၁၇၄ အထိ ရှိနေပါတယ်။

ဒီအတိုင်းအတာဟာ ကမ္ဘာ့ကျန်းမားရေးအဖွဲ့(WHO)က အကြုံပြုထားတဲ့ ကန့်သတ်ချက်ထက် အဆ ၂၀ နီးပါး လေထုညစ်ညမ်းနေတာဖြစ်ကြောင်းလည်း  သိရပါတယ်။ 

2 weeks Ago
Up