close

မီးခိုးမြူအဆိုးရွားဆုံးမြို့

close

March 10, 2023

ကမ္ဘာတွင် မီးခိုးမြူအဆိုးရွားဆုံးမြို့အဖြစ် ချင်းမိုင် စံချိန်တင်၊ တောင်ယာမီးရှို့မှုလျှော့ချရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းနိုင်ငံမှာ အခုသီတင်းပတ်အတွင်း မီးခိုးမြူတွေဆိုင်းပြီး လေထုညစ်ညမ်းမှု ပြဿနာနဲ့ကြုံတွေ့နေရပြီး အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့ဟာ မတ်လ ၉ ရက် မနေ့က ကမ္ဘာမှာ မီးခိုးမြူအဆိုးရွားဆုံး မြို့တမြို့အဖြစ် စံချိန်တင်ခဲ့ပါတယ်။

Air Visval ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ၂၀၂၃ မတ်လ ၉ ရက်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မှာ PM 2.5 ၁ စတုရန်းမီတာကို ၁၇၂ US AQI နဲ့ အဆိုးရွားဆုံးဖြစ်နေပြီး မြန်မာနိုင်ငံ ရန်ကုန်က ၁၆၅ US AQI နဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာတော့ ၁၆၄ US AQI ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့လေထုတိုင်းထွာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ပုံမှန်လေထုသိပ်သည်းမှုမှာ PM 2.5 ၁ စတုရန်းကုဗမီတာကို ၅၀ မိုက်ခရိုဂရမ်၊ AQI မှာ ၁၀၀ လို့ဆိုတာကြောင့် ပုံမှန်ထက် ဆိုးရွားစွာ သိပ်သည်းနေတာပါ။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းမှာ တောမီးလောင်မှု၊ တောင်ယာမီးရှို့မှုတွေက အဓိကဖြစ်ပြီး မတ်လ ၉ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်မှာ မီးလောင်ဇုန် (Hot Spot) ပေါင်း ၄၆ နေရာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းမိုင်ခရိုင်အပြင် ထိုင်းမြောက်ပိုင်း လမ်းပွန်း၊ လမ်းပန်းနဲ့ တာ့ခ်ခရိုင်တွေမှာလည်း မီးခိုးမြူတွေ အုံ့ဆိုင်းနေပါတယ်။ ဒါကြောင့် ထိုင်းအမျိုးသားမိုးတုဌာနက အဆိုပါခရိုင် ၄ ခုအတွင်း မိုးရေအတုတွေ ရွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မတ်လ ၁၀ ရက် ဒီနေ့မှာလည်း ချင်းမိုင်ရဲ့ မီးခိုးမြူသိပ်သည်းမှုမှာ ၁၈၅ US AQI ရှိပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့် ၅ မှာ ရှိပါတယ်။

အဆိုးရွားဆုံးက ပါကစ္စတန်နိုင်ငံ ကရာချိမြို့ဖြစ်ပြီး ၂၄၁ US AQI နဲ့ ပထမ၊ လာဟိုးမြို့က  ၂၂၀ US AQI နဲ့ ဒုတိယ၊ တရုတ်နိုင်ငံ ဝူဟန်မြို့က ၂၀၃ US AQI နဲ့ တတိယ၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ၁၉၁ US AQI နဲ့ စတုတ္ထအဆင့်မှာ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက ဒီလေထုညစ်ညမ်းမှုဟာ နှစ်တိုင်းလို ဖြစ်ပွားနေတာဖြစ်ပြီး နှစ်တိုင်းလည်း ပြဿနာဖြေရှင်းခဲ့ကြောင်း၊ တချို့နှစ်လည်း လျော့သွားတာရှိသလို တချို့နှစ်လည်း တိုးလာတာရှိတယ်၊ တိုးလာရတဲ့ အကြောင်းရင်းကနေ အဖြေရှာရမှာဖြစ်တယ်လို့ပြောပါတယ်။

“အမှိုက်သရိုက်တွေ မီးရှို့မယ့်အစား စက်ရုံတွေမှာ ရီဆိုင်ကယ်လ် (ပြန်လည်အသုံးပြုပစ္စည်း) ထုတ်လုပ်တဲ့နည်းလမ်း ရှာဖွေဖို့၊ တောင်ယာမီးရှို့တာတွေလည်း ကန့်သတ်ထိန်းချုပ်ဖို့ပေါ့၊ စိုက်ပျိုးရေးအတွက် လုပ်ဆောင်နေရတာကိုတော့ နားလည်ပါတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့ အများပြည်သူတွေအပေါ် ထိခိုက်နေတာလည်း ထည့်တွက်ကြပါ၊ ဖြစ်နိုင်ရင် ဥပေဒနဲ့ အပြစ်ပေး အရေးယူတာတွေ မလုပ်ချင်ဘူး၊ အများအတွက် ငဲ့ကွက်ပြီး မီးရှို့နေတာတွေ ဝိုင်းဝန်းလျှော့ချကြဖို့ မေတ္တာရပ်ခံတယ်”လို့ ဝန်ကြီးချုပ် ပရာယုဒ်က မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

မီးခိုးမြူတွေကြောင့် မျက်စိစပ်တာ၊ အရေပြားယားယံတာတွေ ဖြစ်တတ်သလို အထူးသဖြင့် အဆုတ်ကင်ဆာရောဂါကိုပါ ဖြစ်စေတာကြောင့် အများပြည်သူတွေ ရှောင်ရှားကာကွယ်ကြဖို့ ချင်းမိုင်ကျန်းမာရေးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

Ref-Ch7

12 mins Ago
Up