ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီး ဆိုးရွားစွာပျက်နေပြီး အပူရှိန်က မြှင့်တက်နေတဲ့အတွက် မိသားစုလိုက် ဟိုတည်၊ တည်းခိုခန်းတွေမှာ အပူရှောင်နေထိုင်တာတွေ များလာတယ်လို့ သိရပါတယ်။
ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုရှိသူတွေ၊ ကလေးငယ်ရှိသူတွေနဲ့ အပူဒဏ်မခံနိုင်တဲ့သူတွေအနေနဲ့ တည်းခိုတာတွေ လုပ်လာကြတာလို့ ဟိုတယ်တချို့ဆီက သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းရှိ ဟိုတယ်တခုမှ မန်နေဂျာတဦးက “ဒီရက်ပိုင်းမှာ အခန်းလွတ် မရှိသလောက်ကို ပြည့်နေတာ။ မိသားစုလိုက် လာတည်းကြတာ။ ဝေးဝေးလံလံမဟုတ်ဘူး၊ ဒီအနီးဝန်းကျင်ကသူတွေပဲ လာကြတာ” လို့ ပြောပါတယ်။
လာရောက်တည်းခိုသူတွေဟာ အပူရှောင်လိုတဲ့အတွက် ဖြစ်တာကြောင့် မီးစက်မောင်းပြီး အဲကွန်းဖွင့်ပေးထားရတဲ့အတွက် ကုန်ကျစရိတ်ပိုများကာ တွက်ခြေမကိုက်ဘူးလို့လည်း အဲဒီလုပ်ငန်းပိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
တချို့ဟိုတယ်နဲ့ တည်းခိုခန်းတွေက မီးပျက်ချိန် မီးစက်မောင်းပေးရတဲ့အတွက် အခန်းခကို ပုံမှန်ထက် တိုးပြီးတောင်းယူတာမျိုးတွေ ရှိလာတယ်လို့ ဆိုပါတယ်။
စမ်းချောင်းမြို့နယ်က လသားကလေးမိခင်တဦးကလည်း လျှပ်စစ်မီးပျက်ပြီး ပူအိုက်တဲ့ဒဏ် မခံနိုင်လို့ နီးစပ်ရာဟိုတယ်မှာ သွားနေတာ နှစ်ရက်ရှိပြီလို့ ဆိုပါတယ်။
“ကလေးရော လူကြီးရော ဘယ်လိုမှမခံနိုင်ဘူး။ ဖုန်းတွေဆိုလည်း အားမရှိတော့ လုပ်စရာရှိတဲ့ အလုပ်တွေလည်း လုပ်မရတာနဲ့ မိသားစုလိုက် သွားတည်းနေတာ။”
ရန်ကုန်မြို့မှာ သင်္ကြန်ပိတ်ရက်ပြီးတဲ့နောက် လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးရွားစွာဖြစ်နေပြီး တချို့မြို့နယ်တွေမှာ တရက်မီးလာချိန် ၄ နာရီလောက်သာရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရန်ကုန်မြို့မှာ ခုရက်ပိုင်းအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာကြောင့် CNG ဓာတ်ငွေ့ အရောင်းဆိုင်တွေဟာ လိုအပ်တဲ့ဂက်စ်ကို ဖြည့်ပေးနိုင်ခြင်းမရှိလို့ YBS ယာဉ်တွေနဲ့ စီအင်န်ဂျီကို အသုံးပြုမောင်းနှင်နေတဲ့ ယာဉ်တွေ အခက်အခဲ ကြုံတွေ့နေရပါတယ်။
CNG ဓာတ်ငွေ့အရောင်းဆိုင်တွေဟာ လျှပ်စစ်မီးကို အဓိကအားထားနေရပြီး လျှပ်စစ်မီးရှိမှသာ ဓာတ်ငွေ့ကိုဖြည့်ပေးနိုင်တာပါ။
အခုတော့ မီးပြတ်တဲ့အချိန်တွေများတာကြောင့် CNG ဓာတ်ငွေ့ ဖြည့်တင်းရောင်းချမှုကိုပါ ရပ်ထားရပြီး ဂက်စ်ဆိုင်တွေရှေ့မှာ ကားတန်းအရှည်ကြီးတွေဖြစ်ပေါ်ကာ ဓာတ်ငွေ့လာဖြည့်တဲ့ကားတွေဟာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရပါတယ်။
အငှားယာဉ်မောင်းတဦးက "ဂတ်စ်ထည့်ဖို့ကို အရင်ကတည်းကတောင် တန်းစီနေရတာ၊ အခုဆို မီးက ခဏခဏကိုပျက်တာ၊ တခါပျက်ရင်လည်း အကြာကြီးပဲ။ ဒီဂတ်စ်ထည့်တာနဲ့ပဲ အချိန်ကုန်တော့ ကားဆွဲဖို့ အချိန်ကလျော့ကုန်ရော။ ဂက်စ်ထည့်တာပဲ တနေကုန်တယ်။ ဘယ်အချိန်ပိုက်ဆံသွားရှာရမှာလဲ“ လို့ ပြောပါတယ်။
YBS ယာဉ်လိုင်းတွေမှာလည်း ဂတ်စ်ထည့်ချိန် ပုံမှန်ထက် ကြာမြင့်တာကြောင့် ပြေးဆွဲရမယ့် အချိန်ထက် နောက်ကျပြီး ယာဉ်စီးသူတွေအနေနဲ့ အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းနေရတာတွေကြောင့် အခက်တွေ့နေကြရပါတယ်။
YBS ခရီးသည်တဦးက “နံပါတ် ၂ ဆို တစီးတစီးလာဖို့ အရင်ကတောင် နာရီဝက်လောက်စောင့်ရတာ အခုဆိုရင် အဲ့ထက်မကကြာတယ်။ အလုပ်သွားဖို့ အရင်ကထက် အချိန်ပိုစောထွက်ရတယ်။ အလုပ်ပြန်တော့လည်း အိမ်ကို မြန်မြန်နဲ့ မရောက်တော့ဘူး။ လမ်းပိတ်တာနဲ့ ကားစောင့်တာကြာတာနဲ့ ကားပေါ်မှာ အချိန်ကုန်တာပဲများတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့အတွင်း CNG ဓာတ်ငွေ့အရောင်းဆိုင် ၄၀ လောက်ရှိပြီး အများစုမှာ မီးပျက်နေတဲ့အချိန်မှာ ဓာတ်ငွေ့ဖြည့်မပေးနိုင်ကြပါဘူး။ မီးစက်မရှိတဲ့ ဓာတ်ငွေ့ဆိုင်တွေများပြီး မီးစက်ရှိတဲ့ ဆိုင်တွေကလည်း မီးစက်ကို အသုံးပြုခြင်းမရှိကြဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ၊ အငှားယာဉ်တွေနဲ့ ခေါက်တိုကုန်တင်ယာဉ် ၃,၀၀၀ ကျော်ဟာ CNG ဓာတ်ငွေ့ကို အသုံးပြုနေပြီး မောင်းနှင်နေကြတာ ဖြစ်ပါတယ်။