မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကစ္စကုတ်ရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ EPC ဝန်ထမ်းတွေ တအိမ်တက်ဆင်း မီတာခတွေ အတင်းအကျပ် လိုက်လံကောက်ခံနေပြီး မီတာမဆောင်နိုင်တဲ့အိမ်တွေကို တစ်ခါတည်း မီးကြိုးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့က အခုလို ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အပါအဝင် EPC ဝန်ထမ်း စုစုပေါင်း အင်အား ၅၀ ကျော်နဲ့ အခုလို မီတာခလိုက်လံ ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကစ္စကုတ်ရပ်ကွက်က တစ်အိမ်ကို မီတာခနှုန်း ကျပ် ၁ သိန်းခွဲ ဝန်းကျင် တောင်းခံနေပြီး တချို့အိမ်တွေမှာဆိုရင် သူတို့တောင်းသလောက်ပေးရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ EPC ဝန်ထမ်းတွေက မီတာခ ကြွေးကျန်တွေကို အပြတ်ဆောင်ခိုင်းနေပြီး တစ်ဝက်ကိုအရင်ပေးထားကာ နောက်ထပ် တစ်ဝက်ကို လဆိုင်းနဲ့ ပေးမယ်ဆိုတာတောင် မရဘဲ ချက်ခြင်းမီးဖြတ်သွားတာလို့ မီတာခ လ ၂၀ အကြွေးကျန်တဲ့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြိုမှာ အစိုးရမီးက တစ်ရက်ကို ၃ နာရီခြားတစ်ခါ အလှည့်ကျပေးနေပေမဲ့ မီတာခတွေကတော့ တစ်အိမ်ကို ၁ သိန်းကျော်ပေးဆောင်နေရသလို တချို့ရပ်ကွက်တွေမှာတော့ မီတာခ တစ်အိမ်ကို ကျပ် ၂ သိန်းကျော် ၃ သိန်းနီးပါး ပေးဆောင်နေရတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ရေပူရပ်ကွက်နဲ့ သဖန်းပင်ရပ်ကွက်ကို ဇန်နဝါရီ ၂၆ ရက်ကစပြီး စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားကာ ကျေးရွာတရွာကို ကျပ် သိန်း ၄၀၀ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရပ်ကွက်နှစ်ခုက လျှပ်စစ်မီတာခ မဆောင်တာကြောင့် အခုလို မီးဖြတ်ထားတာဖြစ်ပြီး ကျပ် သိန်း ၄၀၀ ပေးဆောင်ပြီးမှသာ လျှပ်စစ်မီးပြန်လည်ရရှိမှာ ဖြစ်တယ်လို့ ရေပူရပ်ကွက် နေထိုင်သူတဦးက ပြောပါတယ်။
အခုလို ပေးဆောင်ရမယ့် လျှပ်စစ်မီတာခက များလွန်းတဲ့အပြင် နေအိမ်တွေမှာ မီတာလိုက်လံဖတ်တာမျိုးမရှိဘဲ လူမနေတဲ့ အိမ်တွေလည်း မီတာခ ၃ သိန်းလောက် ပေးနေရကာ မီတာခတွေက အဆမတန် တောင်းနေတဲ့အတွက် ပေးဖို့မရှိဘူးလို့ ဆိုပါတယ်။
အဲဒီရပ်ကွက်တွေမှာ ရပ်ကွက်တခုကို အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း အိမ်တအိမ်ကို မီတာခ ၃ သိန်းလောက် လာရောက်တောင်းခံခဲ့သလို အခုကတော့ ဒုတိယတကြိမ်ဖြစ်ကာ မီတာခလာတောင်းတဲ့ အခါတွေမှာလည်း အီးပီစီဝန်ထမ်းတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတောင်းခံတဲ့ငွေကြေးက များလွန်းတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ပေးဆောင်ဖို့ အဆင်မပြေဘူးလို့လည်း သိရပါတယ်။