ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မီးဘေးဒုက္ခသည် လူဦးရေ ၁၂၀၀၀ ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အကူအညီ ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက် နေ့လယ် ၂ နာရီလောက်က ဘာလုခါလီ ဒုက္ခသည်စခန်းမီးလောင်မှုမှာ အိမ်ခြေ ၂၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အိမ်သာတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဒေသခံ မီးဘေးသင့်ရိုဟင်ဂျာ တယောက်က ပြောပါတယ်။
ရိုဟင်ဂျာအရေးဆောင်ရွက်နေသူ ရိုအောင်မြိုင်က ''လောလောဆယ် မီးလောင်ခံရတဲ့သူတွေက သူတို့အိမ်နေရာဟောင်းတွေမှာပဲ နေရာပြန်ယူထားကြတယ်။ IOM က ရွက်ဖျင်တဲတွေနဲ့ ဝါး ၁၀ လုံးစီ ထုတ်ပေးထားတယ်။ မနေ့က ပျောက်နေတဲ့ကလေးတွေလည်း ပြန်တွေ့တယ်။ ထိခိုက်ဒဏ်ရာရသူ တယောက်မှမရှိပါဘူး။ ထမင်းထုပ်တွေကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အလှူရှင်တချို့နဲ့ လူမှုအဖွဲ့အစည်းတချို့က ကူညီကြတာ။ လတ်တလောအနေနဲ့ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရှိတဲ့အတွက် သူတို့အတွက် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိမ်သာကိစ္စအတွက်က ချောင်းထဲမှာပဲ သွားနေရပြီး၊ အိမ်သာတွေ အရေးပေါ် လိုအပ်နေတယ်” လို့ ပြောပါတယ်။
အခုမီးလောင်မှုဟာ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုတွေထဲမှာ အကြီးမားဆုံး မီးလောင်မှုဖြစ်ပြီး စခန်းထဲရှိ လူနေအိမ်ခြေအများစု မီးထဲပါသွားသလို ဒုက္ခသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်း စုစုပေါင်းနေရာ ၉၅ နေရာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
IOM အဖွဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာတာဝန်ရှိသူ ဆာမြူရယ်ဖယ်လ်စစ်က “မီးလောင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် မီးသတ်နဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာမီးသတ်တို့ ပေါင်းပြီး မီးကိုငြှိမ်းသတ်ခဲ့ကြပေမဲ့ လေပြင်းတိုက်နေတာကြောင့် ၃ နာရီလောက်ကြာအောင် မီးကိုငြှိမ်းသတ်ခဲ့ရတယ်။ အခု IOM အနေနဲ့ မိုဘိုင်းဆေးအဖွဲ့ ၃ ဖွဲ့ခွဲပြီး၊ ဒဏ်ရာရသူတွေကို လိုက်ပါကူညီကုသပေးနေပြီး နောက်ထပ်လည်း ၃ ဖွဲ့ ထပ်ဖွဲ့ပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေကို လိုက်လံကူညီပေးနေပါတယ်။ နောက် IOM က မိတ်ဖက်အဖွဲ့တွေနဲ့ ညှိပြီး အမိုးအကာတွေ နေရာထိုင်ခင်းတွေ၊ လိုအပ်တဲ့ဟာတွေနဲ့ နဂိုပုံမှန်အခြေအနေဖြစ်အောင် ဆောင်ရွက်စီစဉ်နေပါတယ်" လို့ IOM ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုတွေအတွက် အနက်ရှိုင်းဆုံးစာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာမိတ်ဖက်တွေ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။
NUG အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရေတိုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး၊ ဆင်းရဲဒုက္ခတွေ အဆုံးသတ်နိုင်ရေးနဲ့ မြန်မာနိုင်ငံရှိ သူတို့ရဲ့ နေရပ်တွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရေရှည်ဖြေရှင်းနည်းတခုကိုလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၇၀၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀၀ ကျော်ရှိပြီး မီးလောင်တဲ့နေရာက ဘာလိုခါလီ အမှတ် ၂ စခန်း ၁၁ မှာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက နှစ်စဥ်နွေရာသီရောက်တိုင်း မကြာခဏ မီးလောင်လေ့ရှိပါတယ်။
မန္တလေးမြို့မှာ မတ်လ ၂၈ ရက် မနက် ၁ နာရီခွဲလောက်က ပြည်ကြီးတံခွန်မြို့နယ် ညည ၂၅ နဲ့ ၂၆ ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၈၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ မနက်အစောပိုင်း တစ်နာရီခွဲလောက် လူမနေတဲ့ နေအိမ်တစ်လုံးကို ဆိုင်ကယ်စီးသူတစ်ဦး လာရောက်ပြီး မီးကွင်းပစ်ရာကနေ စတင်လောင်ကျွမ်း ကူးစက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကို ငြှိမ်းသတ်ဖို့ လာရောက်မယ့် မီးသတ်ကားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း စစ်တပ်နဲ့ ရဲက ပစ်ခတ်တားမြစ်ခဲ့တာကြောင့် အချိန်မီ မငြှိမ်းသတ်နိုင်ခဲ့ရဘူးလို့ သိရပါတယ်။
အဲဒီနေရာဟာ ကျူးကျော်နေထိုင်သူတွေ အများစုဖြစ်ပြီး လူနေအိမ်ထူထပ်တာကြောင့် မီးကူးစက်မှု ပိုမိုများပြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရုတ်တရတ် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရတဲ့အတွက် အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ကြရပြီး အဝတ်အစားကအစ အခက်အခဲ ရှိနေကြတယ်လို့ မီးဘေးသင့် ပြည်သူတဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူဦးရေ ငါးရာခန့် မီးဘေးသင့်ခဲ့တာဖြစ်ပြီး လတ်တလောအနေနဲ့ အိမ်ရာ ပြန်လည်ဆောက်လုပ်ဖို့တောင် အခက်အခဲဖြစ်နေကြတယ်လို့ မီးဘေးသင့်သူတွေက ပြောပါတယ်။
မီးဘေးသင့်ပြည်သူတွေအတွက် ရပ်ကွက်အတွင်းက သာသနဝေပုလ ဒီပါဧမြ ဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာတော့ မန္တလေးမြို့ခံ တချို့က အစားအသောက်နဲ့ အဝတ်အစားတွေကို တတ်နိုင်သမျှ ကူညီနေကြပြီး အကူအညီလိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။