စစ်ကိုင်းတိုင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Black Dragon Special Task Force-Monywa က သတင်း ထုတ်ပြန်ပါတယ်။
စစ်အုပ်စု ခိုးအောင်းနေလေ့ရှိတဲ့ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Black Dragon Special Task Force-Monywa၊ Farmers Revolution Force (FRF UG တပ်ရင်း-၉)၊ Golden Eagle Force - Monywa နှင့် Monywa Ranger Army တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
Black Dragon Special Task Force-Monywa အဖွဲ့ဝင်တဦးက “ကျေးရွာတွေက အိမ်တွေ မီးရှို့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဝင်ရောက် မီးရှို့တာပါ။ ရုံးအတွင်းထဲမှာ အရပ်ဝတ် စစ်သားတွေ မကြာမကြာ လာရောက်နေထိုင်တယ်” လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုကို တာဝန်ရှိသူတွေက ငြှိမ်းသတ်ခဲ့ရာ မနက် ၁၁ နာရီခွဲမှာ မီးငြိမ်းပြီး သွပ်မိုး၊ ပြင်ခင်းနဲ့ ရုံးခန်း တခန်း မီးလောင်ပျက်စီးပြီး မီးလောင်မှုလို့သာ စစ်အုပ်စုက သတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ ညောင်ရိပ်သာရပ်ကွက် မီးကင်းတဲအနီး ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်အဖွဲ့ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီလောက်က ညောင်ရိပ်သာရပ်ကွက် မီးကင်းတဲအနီး စစ်ကောင်စီတပ်ဖွဲ့မှ ခြေလျင်တဖွဲ့၊ အိမ်စီးကား ၁ စီးနဲ့ တဖွဲ့ ကင်းပတ်လာရာမှာ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။
"သူတို့ လှည့်ကင်းပတ်လာတုန်း မိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာပါ။ ၅ ကောင်က အဲ့ဒီနားမှာပဲ သေတယ်။ ညအချိန်မှမဟုတ်ဘူး နေ့ခင်းဘက်တွေပါ ဒီကောင်တွေ မြို့တွင်းက ရပ်ကွက်လမ်းသွယ်တွေထဲထိ အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်။ တချို့နေရာတွေဆို ပြည်သူ ထိခိုက်မှာစိုးလို့ လက်ရှောင်ခဲ့ရတာတွေ အများကြီးပဲ" လို့ Black Dragon Special Tesk Force - Monywa မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲအပြီး စစ်ကောင်စီတပ်ဖွဲ့က ၄၀ မမ ဗုံးသီးများအပါဝင် လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သားလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ စစ်ကောင်စီအဖွဲ့မှ ကား ၂ စီးနဲ့ လာရောက်တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Black Dragon Special Tesk Force - Monywa ၊ Golden Eagle Force - Monywa နဲ့ Farmer Revolation Force (UG တပ်ရင်း ၉ ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မုံရွာမြို့ ပြည်တော်သာဝိုင်းပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိအဆင့် ၂ ဦးအပါဝင် စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မက္ကဆီကိုမြောက်ပိုင်း နူဗိုလီယွန်ပြည်နယ်ရဲ့ မြို့တော် မွန်ထာရေမှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကာစီနို လူသတ်ပွဲအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို မက္ကဆီကိုအစိုးရ တာဝန်ရှိသူတွေက သြဂုတ် ၃၁ ရက်မှာ လူသိရှင်ကြား တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီတောင်းပန်မှုဟာ သေဆုံးသူတွေကို အမှတ်ရစေတဲ့အပြင် မိသားစုတွေရဲ့ အမှန်တရားကို အသိအမှတ်ပြုဖို့နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ကျူးလွန်သူ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့ လိုအပ်ကြောင်း ထိပ်တန်းလူ့အခွင့်အရေးအရာရှိ အလက်ဂျန်ဒရို အန်စီနာစ်က ပြောကြားခဲ့ပါတယ်။
အခမ်းအနားအတွင်း နှင်းဆီဖြူတွေ ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေထဲမှာ ထိုင်နေကြတဲ့ မိသားစုဝင်တွေနဲ့ ကျူးလွန်ခံခဲ့ရသူတွေကို ရုပ်သံဗွီဒီယိုမှာ ပြထားပါတယ်။
၂၀၁၁ ခုနှစ် သြဂုတ် ၂၆ ရက်က ကာစီနိုရွိုင်ရယ်မှာ နေ့ခင်းကြောင်တောင် လူတဒါဇင်လောက် ရောက်ရှိလာပြီးတော့ ဓာတ်ဆီနဲ့ ပက်ဖျန်းပြီး သုံးမိနစ်အတွင်း မီးတင်ရှို့ခဲ့တာပါ။
မီးရှို့တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီးအများစု ပါဝင်တဲ့ လူပေါင်း ၅၂ ယောက် သေဆုံးသွားခဲ့ရကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအကြာမှာ မက္ကဆီကိုတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူတဒါဇင်ကျော် ဒဏ်ရာရခဲ့ပြီး လူ ၃၅ ယောက်ထက်မနည်း နာရီပေါင်းများစွာ ပိတ်မိနေခဲ့ပါသေးတယ်။
မွန်ထာရေပြည်နယ်အစိုးရက မြို့တော်ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးရုံးနဲ့ နူဗိုလီယွန်ပြည်နယ် မြို့ပြကာကွယ်ရေး အာဏာပိုင်တွေဟာ ကာစီနိုမှာ ကြေကွဲဖွယ်ဖြစ်စေခဲ့တဲ့ လုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာခြင်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို မကျေပွန်ခဲ့တာကြောင့် ခွင့်လွှတ်ပေးဖို့ မိသားစုတွေရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုထားတဲ့ တောင်းပန်စာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။