close

မီးရှို့ ဖျက်ဆီး

close

May 1, 2023

ခင်ဦးမြို့နယ်တွင် စစ်တပ်က အိမ်ခြေ ၅၀၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီး၊ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က ဧပြီ ၂၆ ရက်နေ့ ညနေမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်စီးနင်းကာ ၂၇ ရက် မနက်ထိ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ရွှေဘိုဘက်မှ ခင်ဦးမြို့နယ် တပင်ကောင်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ညအိပ်တပ်စွဲကာ ဧပြီ ၂၆ ရက် နေ့လယ်မှာ ကံကြီးကုန်းရွာက နေအိမ်အချို့အား မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့လို မီးရှို့မှုကြောင့် ၃ ရက်အတွင်း တပင်ကောင်းရွာမှ နေအိမ် ၂၅ လုံး၊ ကံကြီးကုန်းရွာမှ နေအိမ် ၅ လုံး၊ မြို့သစ်ကျေးရွာမှ အိမ်ခြေ ၄၅၀ ကျော် စုစုပေါင်း ၃ ရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၅၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မြို့သစ်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရပြီး အညာရာသီဥတု နေ့အပူချိန် အရမ်းမြင့်တာကြောင့် ပြည်သူတွေ နေစရာအိမ်မပြောနဲ့ နားခိုစရာ သစ်ပင်တောင် မရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ ထမင်းစားဖို့အတွက် အနီးနားရှိ ကျေးရွာပြည်သူတွေက ထမင်းထုပ် ဝေငှတာပဲ စားနေရပြီး ချက်ပြုတ်စားဖို့ အိုးခွက်ပန်းကန်လည်း မရှိတော့ဘူးလို့ နေအိမ်မီးရှို့ခံရသူတွေက ပြောပါတယ်။

စာကြည့်တိုက်နဲ့ ဆွမ်းစားကျောင်းပါမကျန် အကုန်မီးရှို့ခံရတာကြောင့် သံဃာတွေ ဆွမ်းစားဖို့တောင် သပိတ်မကျန်တော့ဘူးလို့ ဆိုပါတယ်။

ဧပြီ ၃၀ ရက် မနက် ၈ နာရီ ၅၀ မိနစ် လောက်က ခင်ဦးမြိုနယ်၊ အလယ်လျှိုကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး မီးထပ်ရှို့ခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒီမနက်မှာပဲ အလယ်လျှိုကျေးရွာထဲကို ဝင်ပြီး မီးရှို့သွားတာ။ အိမ်ခြေ ဘယ်လောက် မီးရှို့ခံထားရလဲတော့မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အလယ်လျှိုကျေးရွာကနေ သောက်ကန်ရွာဘက်ကို စစ်ကြောင်းထိုးလာလို့  ခင်ဦးနဲ့ ကန့်ဘလူက ရွာ ၈ ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

အလယ်လျှိုကျေးရွာမှာ အိမ်ခြေ  ၅၀၀ လောင်ရှိပြီး အခု မီးရှို့ခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မီးရှို့ခံရမှုမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့  ခင်ဦးမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။

အလယ်လျှိုကျေးရွာဟာ ပထမအကြိမ်က အိမ်ခြေ ၃၀၀ ကျော် မီးရှို့ခံထားရပြီး အခုတကြိမ် ရွာလုံး ကျွတ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်က ကျေးရွာ ၇၀ မှ နေအိမ် ၄၈၀၀ ကျော်မီးရှို့ခဲ့တာကြောင့် ပြည်သူ ၂၀၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်နေကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

13 mins Ago

April 28, 2023

ဗန်းမော်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်တပ်က ၂ ရက်ဆက်တိုက် ရွာမီးရှို့၊ မြို့သစ်ကျေးရွာက အိမ်ခြေ ၄၀၀ ကျော် ပျက်စီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်း ၇ မိုင်ကျေးရွာဘက်မှာ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းလောက်က စတင်ကာ စစ်ကောင်စီအင်အား ၃၀၀ ခန့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံတချို့ရဲ့ အိမ်တွေနဲ့ ကုမ္ပဏီတချို့ရဲ့ တဲအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသားနဲ့ နီးစပ်သူတဦးက “အခုချိန်ထိ စစ်ကြောင်းက ထိုးထားတုန်း၊ ရွာထဲကလူတွေလည်း အပြင်သိပ်မထွက်ရဲကြဘူး။ ရွာထဲ တိုက်ပွဲဖြစ်မှာ စိုးရိမ်နေရတယ်။ လူတွေတော့ ဘာမှမလုပ်သေးဘူး။ ရွာက အဓိက ရွှေနဲ့ သစ်လုပ်ကြတာ။ အခု အိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံထားရပြီ။ ဒီဘက်မှာ ငြိမ်းချမ်းသေးလို့ လူတွေကို ဘာမှမလုပ်တာလို့လည်း ပြောကြတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီဝင်တွေဟာ မီးရှို့ဖျက်ဆီးတဲ့ အိမ်တွေရှေ့မှာ PDF ဝတ်စုံတွေဝတ်ပြီး ဓာတ်ပုံရိုက်ယူကြသေးတယ်လို့ သိရပြီး ဒေသခံတွေကတော့ ရွာထဲမှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မတ်လ ၁၉ ရက်က ဘုတလင်၊ ဒီပဲယင်း စတဲ့မြို့နယ်တွေကို စစ်ကြောင်းထိုးကာ ဒေသခံတွေသွားလာနေတဲ့ လမ်းတွေကိုလည်း ဘူဒိုစာမြေကုတ်ကားနဲ့ လမ်းဖျက်ဆီးတာတွေလုပ်ပြီး ရေဦးမြို့ကို ဝင်ရောက်ကာ ‌ဧပြီ ၁၉ ရက်မှာ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို ဖြတ်သန်းစစ်ကြောင်းထိုးပြီး ရွှေဘိုမြို့နယ်အထိ သွားခဲ့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့က ခင်ဦးမြို့နယ် မြကန်ကျေးရွာအနီးမှာ အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရေဦးကနေ စထွက်ထွက်ချင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒေသခံပြည်သူတဦးက “ အဲ့တိုက်ပွဲက (--)တွေလည်း အကျအဆုံးများသလို ကိုယ့် PDF ဘက်ကလည်း ရဲဘော် ၅ ဦး ကျဆုံးတာတွေ ရှိခဲ့တယ်။ နောက်ပြီး အရပ်သား ၅ ဦးကိုလည်း ဖမ်းသွားတယ်။ အခုထိ အဆက်သွယ် မရသေးဘူး။ သေသလား ရှင်သလား မသိရသေးဘူး။ သူတို့အတွက် အရမ်းစိုးရိမ်စိတ် ဖြစ်နေရတာတော့ အမှန်ပဲဗျ။ သူတို့ ရွှေဘိုမြို့ကနေ ဧပြီလ ၂၅ ရက်နေ့ကနေ ကျနော်တို့ ခင်ဦးမြို့နယ်ဘက်ခြမ်းကို နောက်တကြိမ် စစ်ကြောင်းထပ်ပြန်ထိုးတယ်။ သူတို့စစ်ကြောင်းထိုးရာလမ်းက ရွှေဘိုမြို့နယ်ထဲက တပင်ကောင်းတောင်ရွာက အိမ် ၂၅ လုံးနဲ့ ကံကြီးကုန်းရွာက အိမ်ခြေ ၁ လုံးကို မီးရှို့တာတွေ ပြုလုပ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အိမ်ခြေ ၆၀၀ ကျော်လောက်ရှိတဲ့ မြို့သစ်ကျေးရွာကိုလည်း ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်‌နေ့ ၂ ရက်မှာ  စစ်ကောင်စီတပ်ကလာရောက်ပြီး အိမ် ၄၀၀ ကျော် မီးရှို့သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

မြို့သစ်ရွာ ဒေသခံအမျိုးသမီးတဦးက “ ဘာကြောင့် ရွာကို အခုလိုမီးရှို့တာလဲဆိုတော့ စစ်ကောင်စီကတော့ ပုံမှန်လူစိတ်မရှိတော့ဘူး။ ခွေးစိတ်၊ ဝက်စိတ်တွေ ပေါက်နေတယ်။ သူတို့လုပ်ချင်သလိုကို လုပ်နေကြတော့တာပဲ။ ကျမတို့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဘယ်လူကြီးကမှ ကယ်တင်လို့မရတော့ဘူးလား” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ တပတ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ခဲ့တာဟာ အိမ်ခြေ ၅၀၀ နီးပါးအထိ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၇ ရက် နေ့ခင်းပိုင်းက ရေဦးမြို့ထဲကို ဝင်ရောက်သွားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

3 days Ago
Up