မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျေးရွာ ၂ ရွာကို ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ်၊ ပဇင်းချောင်းကျေးရွာကို အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မနေ့ ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၅ အိမ်ရှိတဲ့အနက် ၃၂ အိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ပဇင်းချောင်းရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ရွာရဲ့ အောက်ချိုင့်ထဲမှာရှိတဲ့ နေအိမ် ၃ အိမ်လောက်နဲ့ ဘုန်းကြီးကျောင်းပဲ ကျန်ခဲ့တာဗျ။ တရွာလုံး မီးလောင်ပြာကျခဲ့တာ။ ဒါ့အပြင် ပုဏ္ဏားကျေးရွာက နေအိမ် ၄ လုံးကိုပါ အဲဒီစစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့ကြတယ်။”
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ ပဇင်းချောင်းရွာ၊ ပုဏ္ဏားရွာ၊ လောင်းဘိုလေးရွာ၊ ဝါးပိုးချောင်ရွာ၊ ဝက်သက် ၄ ရွာ၊ ဇီးတော၊ ရွှေခုံတိုင်၊ ထန်းပင်ကုန်း၊ အိုင်းမ၊ အကြည်ဝါးဘင်း၊ တောရောင်းနဲ့ ထလင်းကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေလို့ မိဘပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သ၍ ထောက်ပံ့ကူညီပေးကြဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။
လောင်းဘိုလေးကျေးရွာ စာသင်ကျောင်းမှာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပအဖရုံးကိုလည်း မနေ့ ဧပြီ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ၃ ယောက်သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦတခုလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာတော့ သာစည်ကျေးရွာက ဒေသခံ ၂ ဦးဖြစ်တဲ့ ကိုသိန်းထွန်းနဲ့ မမြတ်မြတ်ခိုင်တို့ နှစ်ယောက်ကို စစ်ကောင်စီက PDF ကို ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၉ ရက်မှာ ကျေးရွာအတွင်းကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးသွားတာဖြစ်ပြီး ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားတယ်လို့ ရွာခံတဦးက ပြောပါတယ်။
“နောက်ကနေတော့ ဆွေမျိုးတွေ လိုက်ပေးနေတယ်။ အခြေအနေတော့ သေချာမသိရသေးဘူး။ ရွာထဲကို အလစ်အငိုက် ဝင်ဖမ်းသွားတာ။”
ဖမ်းဆီးခံရတဲ့ ဒေသခံ ၂ ယောက်ဟာ PDF ကို ထောက်ပံ့ပေးနေတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက သာစည်ရွာအနီးက ပကဖစခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ပကဖအဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးကာ ၁ ဦးကို ပစ်သတ်ခဲ့ပါတယ်။
ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အထိနာနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၂၀ ရက် မနက်ပိုင်းက အရက်မူးသမားတယောက်က မီးရှို့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းကာ မီးရှို့တဲ့သူလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့၊ သုခဝတီရပ်ကွက်မှာ ဧပြီ ၂၀ ရက် မနက် ၁၀ နာရီလောက်က အသက် ၄၇ နှစ်အရွယ် ဦးဖိုးဝင်းဆိုသူက အရက်သေစာ သောက်စားမူးယစ်ပြီး နေအိမ်ကို မီးရှို့ရာကနေ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့တာလို့ ရေစကြိုမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီမီးလောင်မှုအတွင်း အရက်မူးပြီး နေအိမ်ကိုမီးရှို့ခဲ့တဲ့သူလည်း မီးထဲပါသွားပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့နေရာကို ရေစကြိုမြို့နယ် မီးသတ်စခန်းက မီးသတ်ကား ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနဲ့ အရန်မီးသတ်တွေ၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၁၁ နာရီမှာ မီးငြိမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဧပြီ ၁၉ ရက် မနက်ပိုင်းက ရေဦးမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်အင်အား ၁၀၀ ကျော်ကို မြကန်ကျေးရွာ တောင်ဘက်မှာ ကာကွယ်ရေးရဲဘော် ၅ ဦး မိုင်းဆွဲစဥ် ပိတ်မိပြီး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်ဝင်ရောက်စီးနင်းလို့ ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့ရပြီး အောင်သာကျေးရွာက လူနေအိမ် ၃ လုံးကို မီးလောင်ဗုံး၊ မီးကျည်တွေ အသုံးပြုပြီး မီးရှို့သွားတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။
စစ်ကြောင်းထိုးလာချိန် လယ်ယာထဲမှာ တောင်သူလုပ်ပြီး ဆေးဖျန်းနေတဲ့ တောင်သူအမျိုးသား ၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
အဲဒီလို စစ်ကြောင်းထိုးလာတာကြောင့် အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စု၊ မကျီးအုပ်၊ မြင်းဒေါင်း၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကျီးအိုင်၊ သဲကုန်းကြီး၊ မုံတောတောင်၊ ဒါန်းကုန်း၊ အောင်သာ၊ အင်းပေါက်၊ မှန်သာ၊ ကျွန်းလည်၊ ကျွန်းစွယ်၊ သိမ်တော်၊ မှန်တော၊ ညောင်ပင်ကြီးစု စတဲ့ကျေးရွာ ၂၄ ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် နေ့အပူချိန် ၄၀ ဒီဂရီကျော်မှာ အသက်ဘေးလွတ်အောင် ပြေးလွှားနေရတယ်လို့ ဒေသခံကူညီရေးအဖွဲ့ထံက သိရပါတယ်။