ပိုလန်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် စစ်သားတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က နိုင်ငံအရှေ့တောင်ပိုင်း မီးလက်စ်မြို့ လေဆိပ်နားမှာ ယာယီ စခန်းချနေကြပါတယ်။
ပိုလန်နဲ့ ရိုမေးနီးယားကို အမေရိကန်စစ်သား ၃၀၀၀ စေလွှတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က အမိန့်ထုတ်အပြီးမှာ အခုလို တွေ့လာရတာပါ။
ရုရှားဟာ ယူကရိန်းနဲ့နယ်စပ်မှာ တပ်အင်အားကို တိုးချထားတာကြောင့် အမေရိကန်ကလည်း နေတိုးအဖွဲ့ဝင် အရှေ့ပိုင်းနိုင်ငံတွေမှာ စစ်အင်အားဖြည့်တင်းဖို့ ဖြစ်လာပါတယ်။
ယူကရိန်းနဲ့ နယ်စပ်မှာ ချထားတဲ့ ရုရှားတပ်အင်အားဟာ ၁ သိန်းဝန်းကျင် ရှိနေပြီး အမေရိကန် ဦးဆောင်နေတဲ့ နေတိုးအဖွဲ့ထဲကို ရုရှားနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ယူကရိန်းကို ထည့်သွင်းပြီး အမေရိကန် သြဇာချဲ့ထွင်တာ မလုပ်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ယူကရိန်းကို နယ်မြေ မကျူးကျော်ပါဘူးလို့ ရုရှားက ထပ်တလဲလဲ ပြောနေပေမယ့် အနောက်နိုင်ငံတွေကတော့ ရက်ပိုင်း ဒါမှမဟုတ် လပိုင်းအတွင်းပဲ ရုရှားက ယူကရိန်းကို ဝင်သိမ်းတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။