close

မီးလင်းရေးရုံး

close

March 5, 2022

မီတာခ ထပ်တိုးကောက်သည့် ရေးမြို့နယ် မီးလင်းရေးရုံး ဗုံးခွဲခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်က မီတာခတိုးကောက်တဲ့ မီးလင်းရေးရုံး မတ် ၅ ရက် ဒီနေ့ မနက်ပိုင်းက  ဗုံးခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဗုံးကွဲတာကြောင့် လူတွေသေဆုံးမှုရှိတဲ့သတင်းမကြားသိရပေမဲ့ အဆောက်အအုံရုံးအပြင် ဝန်ထမ်းတွေပါ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မီတာ ၁ ယူနစ်ကို ကျပ် ၉၀၀ ထိ ကောက်ခံဖို့ မီးလင်းရေးကော်မတီက ပြောဆိုပြီးနောက် အခုလို ဖောက်ခွဲခံရတာဖြစ်ပါတယ်။ အခုလို ပြည်သူတွေ အကျပ်အတည်းကာလ မီတာခဈေး မတက်ဖို့ သတိပေးခဲ့တဲ့နောက် အခုလို ဗုံးခွဲတာလို့ ရေး PDF အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စက်သုံးလောင်ဆီစျေးတွေက ပြန်မကျလာဘဲ ပြန်ပြီး တက်သွားတော့ မီတာခကို ဈေးလျှော့ဖို့ ပြင်ဆင်ထားပေမဲ့ အခုလို စက်သုံးဆီစျေးတွေနဲ့ မတတ်သာလို့ မီတာခ ကျပ် ၇၇၀ ကနေ ထပ်မံတိုးမြှင့်ကောက်ခံရတာလို့  မီးလင်းရေးကော်မတီဘက်က ပြောထားပါတယ်။

သာမန်လက်လုပ်လက်စားသမားတဦးက “အခုလို ကိုဗစ်ကာလလည်းဖြစ် နိုင်ငံရေးအခြေနေတွေအရ အခြေခံစားသောက်ကုန်တွေ၊ တခါစက်သုံးဆီဈေးတွေလည်းကြီးပြန် မီတာခပါထပ်မံ စျေးကြီးပြန်ဆိုတော့ အခုက အလုပ်တွေ ကလည်း အဆင်မပြေ ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေတွေက မမျှတတော့ စားဝတ်နေရေးမှာ ပိုပြီး ခက်ခဲလာတယ်”လို့  ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာပဲ မြန်မာ ငွေစျေးတွေ ကျဆင်းသွားသလို စက်သုံးဆီစျေးတွေ စားသောက်ကုန်ဈေးတွေလည်း အဆမတန် မြင့်တက်သွားတာပါ။

ရေးမြို့နယ်မှာ နိုင်ငံတော်မှ ဓာတ်အားလိုင်းတွေကို ယနေ့အထိ သုံးစွဲနိုင်ခြင်းမရှိသေးသလို ပုဂ္ဂလိက ကုမ္ပဏီတွေ ပေးနေတဲ့ လျှပ်စစ်မီးကို အမှီပြု သုံးစွဲရပါတယ်။

2 mins Ago
Up