close

မီးလောင်ဗုံး

close

February 1, 2022

ဒီးမော့ဆို လူနေရပ်ကွက်အတွင်းကို စစ်တပ်က ဓာတုဗုံး(သို့) မီးလောင်ဗုံးဖြင့် ပစ်ခတ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က ဓာတုဗုံး (သို့မဟုတ်) မီးလောင်ဗုံးလို့ ယူဆရတဲ့ လက်နက်တဲ့ ပစ်ခတ်ခဲ့တယ်လို့ ‌မျက်မြင်သက်သေတွေက ပြောပါတယ်။

“ဗုံးက ဒီးမော့ဆို၊ ဒေါငံခါးရပ်ကွက်ထဲက လူနေအိမ်အနီးကို ကျတယ်။ ဗုံးကျတဲ့နေရာမှာ အဖြူရောင်မီးခိုးတွေထွက်နေတာကို တွေ့တယ်။ ဗုံးကျပြီး ၅ရက် ကြာတဲ့နေ့ ‌ဗုံးကျတဲ့နေရာကို ပေါက်ပြားနဲ့တူးကြည့်တော့ ဗုံးစတွေကနေ မီးခိုးတွေ ထပ်ထွက်လာတယ်” လို့ မျက်မြင်သက်သေဒေသခံတွေက ပြောပါတယ်။

ဓါတုဗုံး(သို့) မီးလောင်ဗုံးကျတဲ့နေရာဟာ ဒီးမော့ဆိုမြို့၊ ရပ်ကွက်(၂)၊ အိမ်အမှတ် - ခ ၂/ ၇၈Aခြံဝန်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။

၅ ရက်ကြာတဲ့အထိ ဗုံးစတွေကနေ အဖြူရောင် အခိုးငွေ့တွေထွက်နေပြီး မီးခိုးထိတဲ့ သစ်ပင်ရဲ့ အရွက်တွေဟာ ‌ခြောက်သွေ့ကုန်ကာ မီးခိုးနံ့ကို ရှူမိတဲ့သူဟာလည်း လည်ချောင်းယားယံတာ မူးဝေတာတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

“ဗုံးကျတဲ့နေရာအနီးက ထောပတ်ပင်ရဲ့ အရွက်တွေဟာ ‌ခြောက်သွေ့ကုန်တယ်။ အနံ့ကို ရှူမိလိုက်တာနဲ့ လည်ချောင်းယားတယ်။ ခေါင်းမူးသလို ခံစားရတာခက်တယ်” လို့ ဒေသခံတွေက ဆိုပါတယ်။

ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ 

တိုက်ပွဲအတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိနေပါတယ်။

ဒါ့အပြင် မြေပြင်ကနေ ထိုးစစ်ဆင်နေတဲ့ ကြည်းတပ် စစ်ကြောင်းတွေကလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက် ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က အရပ်သားတွေပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကယားပြည်နယ်အတွင်းက ပြည်သူ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်း ရှောင်နေရပါတယ်။

12 hours Ago

January 4, 2022

ထန်တလန်မြို့ တိုက်ပွဲအတွင်း နေအိမ်များ ထပ်မံမီးလောင်ကျွမ်း

ချင်းပြည်နယ်၊ ထန်တလန်မြို့  အမှတ် ၁ ရပ်ကွက်မှာ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က စတင်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တွေ   မီးလောင်ခဲ့တယ်လို့ ထန်တလန်ဒေသခံတွေဆီက သိရပါတယ်။

ထန်တလန်မြို့ထဲမှာ CDF Thantlang  တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီက မီးလောင်ဗုံး အသုံးပြုပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နှစ်ဘက် ပစ်ခတ်ရင်း စကစ ဘက်က မီးလောင်ဗုံးသုံးပြီး ပစ်တယ်။ အိမ်တွေထဲကိုလည်း ပစ်တယ်။ ဘယ်နှလုံး လောင်သွားပြီလဲတော့ ဒီနေ့လောင်တာတော့ မသိရသေးဘူး။ ၃၀ ရက်နေ့က လောင်တာ ၅၅ လုံး ပါသွားတယ်။ ထန်တလန်မှာ အဲဒီနေ့အထိ အားလုံးပေါင်းဆိုရင် ၆၀၀ ကျော် လောက်အထိ မီးလောင်ပြာကျသွားပြီ၊ လူတွေလည်း နေစရာမရှိတော့ဘူး။” 

ဇန်နဝါရီ ၃ ရက်နေ့ မီးလောင်မှုမှာ Johson Memorial Baptist Church ကျောင်းလည်း မီးလောင်တဲ့အထဲ ပါသွားနိုင်ပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့တာကြောင့် ထန်တလန်မြို့က လူနေအိမ် ၅၅ လုံးနဲ့ AG အသင်းတော်ဘုရားကျောင်း မီးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့က နေအိမ်တွေကို ဖျက်ဆီး မီးရှို့မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံအားလုံး မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထန်တလန်မြို့ကို စက်တင်ဘာ ၁၈ ရက်မှာ တစ်ကြိမ်၊ အောက်တိုဘာ ၂၉ နဲ့ ၃၀ မှာ နှစ်ကြိမ်၊  နိုဝင်ဘာ ၆ ရက်နဲ့  ၂၇ ရက်နေ့မှာ နှစ်ကြိမ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၄ ရက်နေ့နဲ့ ၈ ရက်နေ့မှာ နှစ်ကြိမ်၊ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

4 weeks Ago
Up