close

မီးသင်္ဂြိုဟ်ရသည့်ရုပ်အလောင်း

close

July 20, 2021

ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ရသည့်ရုပ်အလောင်း ၂ ဆနီးပါးမြင့်တက်လာ

ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇူလိုင် ၁၉ ရက်နေ့က မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၃၅၀ နီးပါးမြင့်တက်လာပြီး အရင်နေ့တွေထက် သေဆုံးနှုန်းပိုများလာတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။ 

ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲအချိန်အထိ ရန်ကုန်၊ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၃၂၈ လောင်းအထိရှိနေပြီး အလောင်းတွေကျန်နေသေးတဲ့အတွက် တရက်တည်း အလောင်း ၃၅၀ နီးပါးရှိနေတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတစ်ယောက် က ပြောပါတယ်။ အရင်ရက်တွေက ရုပ်အလောင်း ၂၀၀ ကျော် ပုံမှန်သင်္ဂြိုဟ်ရတာဖြစ်တဲ့အတွက် နှစ်ဆနီးပါး ရုပ်အလောင်းများလာတာဖြစ်ပါတယ်။

ပရဟိတသမားတဦးက "အခုညနေ ၇ နာရီခွဲမှာ ၃၂၈ လောင်း၊ ၃၅၀ နီးပါးဖြစ်လိမ့်မယ်။ ကားတွေအများကြီး ကျန်သေးတယ်။"

ဇူလိုင် ၁၀ ရက်နေ့နောက်ပိုင်းကတည်းက ကိုဗစ်ကူးစက်မှုမြင့်တက်ခဲ့ပြီး အောက်ဆီဂျင် အလုံအလောက်မရတာကြောင့် မလိုလားအပ်ဘဲ သေဆုံးမှုတွေမြင့်တက်ခဲ့တာပါ။ 

ရေဝေးမှာ ရုပ်အလောင်းမီးသင်္ဂြိုဟ်ရတဲ့ အရေအတွက်များလာသလို ထိန်ပင်၊ ကျီစု နဲ့ ကျူချောင်းသုသာန်တွေမှာလည်း ရုပ်အလောင်းအရေအတွက်များပြားနေတယ်လို့ ပရဟိတသမားတွေကပြောပါတယ်။ 

သုသာန်ဝန်ထမ်းတွေရော ပရဟိတသမားတွေပါ မနိုင်ဝန်ကိုထမ်းနေရပြီး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ လူငယ်ပရဟိတသမားတစ်ချို့ပါ ပိုးကူးစက်ခံရတာမျိုးတွေ ရှိနေတယ်လို့လည်း ပရဟိတသမားတဦးက ပြောပါတယ်။

ဇူလိုင် ၁၂ ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့က သုသာန်တွေမှာ တစ်ရက်ကို ရုပ်အလောင်း ၆၀၀ ကျော် ၇၀၀ နီးပါးသင်္ဂြိုဟ်ပေးနေရတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ နေ့စဉ် ကိုဗစ်ကူးစက်ခံရတဲ့ နှုန်းနဲ့ သေဆုံးနှုန်းတွေထက် မြေပြင်မှာ သေဆုံးနှုန်း ပိုများနေတယ်လို့ ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။ 

ပရဟိတအသင်းတွေဟာ မနိုင်ဝန်ထမ်းနေရတဲ့အတွက် အချိန်ကြန့်ကြာမှုတွေရှိရင် ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးဖို့နဲ့ တတ်အားသရွေ့အလှူငွေကူညီပေးကြဖို့ ပရဟိတအသင်းတွေက မေတ္တာရပ်ခံထားပါတယ်။

59 seconds Ago
Up