close

မုတ်သုံလေ

close

August 17, 2022

တိုင်းနှင့်ပြည်နယ် ၆ ခုတွင် နောက် ၂ ရက်အထိ မိုးဆက်ပိုနေဦးမည်ဟုခန့်မှန်း

မုတ်သုံလေ အားကောင်းလွန်းတာကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နောက် ၂ ရက်အထိ မိုးဆက်ပိုနေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

ဒီနေ့ မနက်ပိုင်း မိုး/ဇလ ခန့်မှန်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အထိ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မိုးကြီးနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးမယ်လို့ ဆိုထားပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေက တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေက တနာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း မိုးဇလက သတိပေး ထုတ်ပြန်ထားပါတယ်။

11 mins Ago

September 20, 2020

မုတ်သုံလေ အားအလွန်ကောင်းနေပြီး ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်က ၈ ပေမှ ၁၄ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးပိုနေမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဒီနေ့ညနေအထိ နေပြည်တော်နဲ့အနီးတဝိုက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ မိုးအသင့်အတင့်၊ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးဇလက ဆိုပါတယ်။
2 years Ago
Up