အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သစ်ပင်တပင်ကနေ ကြိုးဆွဲချ သေဆုံးလျက်တွေ့ရှိရတဲ့ ဇာတ်နိမ့် အသိုင်းအဝိုင်းမှ မိန်းကလေး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက စက်တင်ဘာ ၁၅ ရက် ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံး အူတာပရာဒေ့ရှ်ပြည်နယ် လက်ခ်ဟင်မ်ပူရ်ခယ်ရီခရိုင်ရှိ စိုက်ခင်းတခုထဲမှာ အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြားရှိ မိန်းကလေး ၂ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်မှာ တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့တာပါ။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်ပြီးနောက်မှာ ပုဝါပိုင်းနဲ့ လည်ပင်းညှစ်သတ်ခဲ့ပြီး သစ်ပင်ပေါ်ကနေ ကြိုးဆွဲချခဲ့ကြောင်း သိရပါတယ်။
ကျူးလွန်သူတွေက လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ကြောင်းနဲ့ နောက်တော့ သူတို့ဟာ သက်သေအ ထောက်အထားတွေ ဖျောက်ဖို့ အလောင်းတွေကို သစ်ပင်ပေါ်ကနေ ဆွဲချထားခဲ့တာလို့ ထွက်ဆိုကြောင်း ခရိုင်ရဲမှူး ဆန်ဂျိဗ် ဆူမန်က ပြောပါတယ်။
အူတာပရာဒေ့ရှ်ပြည်နယ်ရဲ့ ဒုတိယဝန်ကြီးချုပ် ဘရာဂျက်ရှ်ပါသက်ခ်က အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် တရားမျှတမှု ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။
အစိုးရဟာ ဒီလို အဖြစ်အပျက်တွေကို အလေးအနက်ထားပြီး အပြင်းအထန် အရေးယူကြောင်းနဲ့ ဒီအမှုကို အိန္ဒိယရဲ့ ရာဇသတ်ကြီး ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ပြောပါတယ်။
ကျူးလွန်ခံရသူတွေရဲ့ ဖခင်ဖြစ်သူကတော့ တရားမျှတမှု လိုချင်ပြီး ကျူးလွန်သူတွေကို ကြိုးဆွဲချ သေဒဏ်ပေးသင့်တယ်လို့ ပြောပါတယ်။
အမျိုးအနွယ် ခွဲခြားတဲ့စနစ် လိုက်နာနေကြဆဲ အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် ဇာတ်နိမ့်အလွှာမှ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ အစုလိုက် ရှိနေဆဲဖြစ်ပါတယ်။