close

မုန်တိုင်းနှင့်ရေကြီးရေလျှံမှု

close

June 19, 2022

တရုတ်နိုင်ငံတောင်ပိုင်းတွင် မုန်တိုင်းနှင့်ရေကြီးရေလျှံမှု သတိပေးချက်ထုတ်ပြန်

တရုတ်နိုင်ငံတောင်ပိုင်းမှာ အရင်သီတင်းပတ်ကစပြီး  ဇွန် ၂၁ ရက်ထိ မိုးဆက်ကြီးနေမယ်လို့ အစိုးရ မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။  

နိုင်ငံတောင်ပိုင်းက ပြည်နယ်နဲ့ ဒေသ ၇ ခုထက် မနည်းမှာ လာမယ့် ၂၄ နာရီအတွင်း ဆိုးရွားပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေအတွက် သတိပေးချက်ကိုလည်း ထုတ်ပြန် ထားရပါတယ်။

ကွမ်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ရွာတရွာမှာ ရေကြီးနေပုံကိုလည်း စီစီတီဗီ သတင်းဌာနက ထုတ်လွှင့် ပြသပါတယ်။

မိုးရာသီ မတိုင်ခင် နွေဦးရာသီကနေ နွေရာသီကို ပြောင်းတဲ့ ဇွန်လ မရောက်ခင် ကြိုတင်ပြီး ဧပြီလ ကတည်းက အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်တွေကို အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။

ကွမ်းရှီးပြည်နယ် ကွေ့လင်းမြို့ထဲက မြစ်အတော်များများဟာ ဇွန် ၁၇ ရက်က မြစ်ရေလျှံခဲ့ပါတယ်။ မီးသတ်သမားတွေက ရုတ်တရက် ရေကြီးလို့ ပိတ်မိနေတဲ့ ဒါဇင်နဲ့ချီတဲ့ လူတွေကို ကယ်ဆယ်ခဲ့ရပါတယ်။

ပြည်နယ်အတွင်း နေရာအများအပြားမှာ မိုးကြီးမယ့် သတိပေးချက်ကို အနီရောင်နဲ့ လိမ်မော်ရောင်အဆင့်တို့မှာ အသီးသီး ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာ အရောင်လေးမျိုးပါတဲ့ မိုးလေဝသ သတိပေးစနစ်ကို သုံးနေပြီး အနီရောင်က အပြင်းထန်ဆုံးသတိပေးချက်ပါ။

အဲဒီနောက် လိမ်မော်ရောင် အဝါနဲ့ အပြာရောင် အဆင့် ၃ဆင့် အစဉ်လိုက် ထားရှိပါတယ်။

58 seconds Ago
Up