ထိုင်းနိုင်ငံမှာ မုလန်အမည်ရှိ အပူပိုင်းမုန်တိုင်း သက်ရောက်မှုကြောင့် အနည်းဆုံး ခရိုင်ပေါင်း ၂၅ ခရိုင်မှာ မိုးရွာသွန်းပြီး တချို့နေရာမှာ မိုးသည်းထန်မယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၄ နာရီ တိုင်းထွာချက်တွေအရ ဗီယက်နမ်မြောက်ပိုင်း ပင်လယ်ပြင်မှာ တိုက်ခတ်ခဲ့တဲ့ မုလန်အမည်ရှိ မုန်တိုင်းဟာ ဒီကနေ့ ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အတွင်း ထိုင်းနိုင်ငံ အရှေ့ပိုင်းဘက်ကို ၁ နာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ သက်ရောက်ဖွယ်ရှိလို့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသမှ ခရိုင်ပေါင်း ၂၅ ခုမှာ မိုးရွာသွန်းနိုင်ပြီး တချို့နေရာတွေမှာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါခရိုင်တွေမှာ ထိုင်းမြောက်ပိုင်း - တာ့ခ်၊ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ ချင်းရိုင်း၊ ဖယောင်း၊ နန့်၊ ဖရဲ့၊ ဥဒရဒစ်၊ မယ်ဟောင်ဆောင်၊ ဗိစနုလုတ်ခရိုင်၊ ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ဘိုလမ်းဖူး၊ နောင်ခိုင်၊ ဘင်ကန်၊ ကားလားဆင်၊ ဥဒွန်းဌာနီ၊ နခွန်းပထုန်၊ ခွန်ကဲန်၊ ထိုင်းအရှေ့ပိုင်း ပရကျင်းပူးရီး၊ ဆာကျောက်၊ လယောင်း၊ ချွန်းပူးရီး၊ ကျန်ထပူရီ၊ တရတ် စတဲ့ခရိုင်တွေ ဖြစ်ပါတယ်။
ထိုင်းပင်လယ်အော်မှာ လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒေသတချို့မှာ မိုးသည်းထန်လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကျန်ထပူရီခရိုင် မာ့ခမ်မြို့နယ် ခေါင်ကလေအုပ်စုမှာ ဩဂုတ် ၁၀ ရက်က ရေကြီးမှုဖြစ်ပြီး အိမ်ခြေ ၄ လုံးနဲ့ အိမ်ထဲက ရေခဲသေတ္တာ၊ အိမ်ထောင်ပရိဘောဂတွေ၊ ရေစုပ်စက်နဲ့ ဆိုင်ကယ် ၃ စီး ရေထဲမျောပါသွားကြောင်း၊ ချောင်းကူးကွန်ကရစ်တံတား ၁ စင်း ကွဲအက်သွားပြီး တချို့နေအိမ်တွေမှာ ရေထဲမျောမသွားဖို့ အိမ်တိုင်ကို သစ်ပင်နဲ့တွဲပြီး ကြိုးချည်ထားရတယ်လို့ The Voice TV သတင်းမှာ ဖော်ပြပါတယ်။
The Nation သတင်းမှာလည်း ထိုင်းမြောက်ပိုင်း ဖစ်ချဘွန်းခရိုင် ရေကြီးမှုအခြေအနေကို ထိုင်းအမျိုးသားနည်းပညာနဲ့ တက်နိုလိုဂျီဌာနက ဩဂုတ် ၁၀ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ က ဒရုန်းနဲ့ စစ်ဆေးရာမှာ ပါဆဒ်ချောင်းရေလျှံကျတာကြောင့် လုမ်ကော်နဲ့ လုမ်ဆဒ် မြို့နယ် ၂ ခုရှိ လယ်ဧကပေါင်း ၁၀,၀၀၀ နီးပါး ရေလွှမ်းမိုးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
မိမိဒေသထဲမှာ ရေကြီးရေလျှံမှုဖြစ်ပြီး အကူအညီလိုအပ်ပါက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန ဖုန်းနံပါတ် ၀၂ - ၃၉၉၄၀၁၂ မှ ၁၃ ထိ သို့မဟုတ် အရေးပေါ်လိုင်း ၁၁၈၂ သို့ ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ မိုးဇလဌာနဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကိုးကား - pptvhd