close

မုံရွာဂေါက်ကွင်း

close

February 19, 2023

မုံရွာဂေါက်ကွင်းအနီး ဆိုင်ကယ်မောင်းသူ ၂ ဦး မျက်နှာချင်းတိုက်မိ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းမ၊ မုံရွာဂေါက်ကွင်းနားမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်က ဆိုင်ကယ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသား နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မုံရွာလူမှုကူညီရေးအသင်းက သိရပါတယ်။

မုံရွာကွန်ပျူတာတက္ကသိုလ်ဘက်ကနေ ပြည်ထောင်စုလမ်းမအတိုင်း မောင်းလာတဲ့ YAMAHA TDR ဆိုင်ကယ်နဲ့ ကန်သာယာပန်းခြံဘက်ကနေ လာတဲ့ CZI 125 ဆိုင်ကယ်တို့က မုံရွာဂေါက်ကွင်းနားအရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြတာဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ ၂ ယောက်စလုံး ဆိုင်ကယ်ဦးထုပ် မဆောင်းထားဘူးလို့ သိရပါတယ်။ 

ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားက နေရာမှာပဲ သေဆုံးသွားခဲ့သလို အသက် ၂၅ နှစ်အရွယ် အမျိုးသားကတော့ ဆေးရုံအရောက် နေ့လယ် ၁၁ နာရီခွဲမှာ သေဆုံးသွားခဲ့ပြီး သေဆုံးသူတွေကို မုံရွာဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

22 seconds Ago

September 14, 2022

မုံရွာဂေါက်ကွင်းတွင် စစ်တပ်အရာရှိများနှင့် အပေါင်းပါခရိုနီများ ဂေါက်သီးရိုက်နေစဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဂေါက်ကွင်းမှာ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့အရာရှိတွေနဲ့ ဒေသခံလုပ်ငန်းရှင်ခရိုနီတွေ ဂေါက်ရိုက်နေကြစဉ် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ရင်း ၆ မှ  တပ်ခွဲ (၁)  MRDA - Monywa ကပြောပါတယ်။

အခုလိုတိုက်ခိုက်ရတာဟာ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတွေကို  စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့တာတွေအတွက် တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

MRAD -Monywa အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက "ကျနော်တို့မုံရွာရဲ့ တောင်နယ်ဘက်မှာ စစ်ကောင်စီတပ်က ကောင်တွေ ဝင်ရောက်စီးနင်း မီးရှို့နေတာကိုသိရတာနဲ့ ကျနော်တို့ UG တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တနေရာကို ဖိအားပေး လျှော့နည်းအောင် ဆောင်ရွက်ရာမှာ  သူတို့ရဲ့မိန်းကို တိုက်ခိုက်မလား ဘာကိုတိုက်ခိုက်ရမလဲလို့ Mission အနေနဲ့ရွေးရတဲ့အချိန်မှာ ကျနော်တို့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ထောက်လှမ်းခဲ့တဲ့ ပစ်မှတ်ဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့အရာရှိတွေနဲ့ သူတို့ ပါတနာ ခရိုနီတွေ အများဆုံးလာရောက်တာဟာ Golf Club ဖြစ်တော့ အဲ့ဒီနေရာကိုပစ်မှတ်အတွက် အကောင်းဆုံးရွေးချယ်ခဲ့တာပါ " လို့ ပြောပါတယ်။

ဂေါက်ကွင်းအတွင်း စစ်တပ်အရာရှိတွေနဲ့ အပေါင်းပါတွေ ဂေါက်ရိုက်ကစားနေစဉ် စစ်ကောင်စီလက်အောက်ခံ မီဒီယာနှစ်ခုကလည်း ရိုက်ကူးရေးလာရောက်ပြုလုပ်နေတာဖြစ်ပြီး အနီးမှာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကိုင် အရပ်ဝတ်တွေလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ ပြိုင်ပွဲရှိပုံရတယ်ဗျ။ အဲ့ဒီမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေ MRTV နဲ့ MWD လို့ ယူဆရတဲ့မီဒီယာနှစ်ခုလည်း  ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်ကူးရေးလာလုပ်နေတယ်။ ဗုံးပစ်တိုက်ခိုက်တော့ ကင်မရာတောင် ပြန်မကောက်နိုင်ဘူး၊ ပြေးတာမှ တန်းလို့။ လက်နက်ကိုင်အရပ်ဝတ်တွေကစ ပြန်မပစ်နိုင်ပဲ မှောက်သွားတာကိုပါ မြင်ခဲ့ရပါတယ်။ ဗုံးကိုလည်း အဓိကပစ်မှတ်ကို ရောက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။

ဗုံးပစ်တိုက်ခိုက်မှုကြောင့် ဂေါက်ရိုက်နေတဲ့ စစ်အုပ်စုမှာ အသေပျောက်ရှိနိုင်ပြီး ခွေလဲကျသွားတဲ့အထဲမှာ စစ်ကောင်စီက အရာရှိတွေလည်းပါတယ်လို့ ပြောပေမဲ့ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အဲ့ဒီတိုက်ခိုက်မှုကို MRDA - Monywa နဲ့အတူ Monywa Fright Group ၊ Monywa Ninja နဲ့ Nation People Defence Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မုံရွာမြို့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိတွေအပါအဝင် ‌လက်အောက်ခံတပ်ရင်းတွေကအရာရှိတွေနဲ့ သူတို့နဲ့အတူပူးပေါင်းပြီး အကျိုးတူ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ မကြာခဏဆိုသလို ချိန်းဆိုဂေါက်ရိုက်လေ့ရှိပါတယ်။

5 months Ago
Up