မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မေလ ၄ ရက်နေ့မှာ ကြေညာ ထုတ်ပြန်ပါတယ်။
မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့ ကြားကာလတွင်း တက္ကသိုလ်အုပ်ချုပ်ရေး ပညာရေးကိစ္စအဝဝကို စီမံခန့်ခွဲဖို့ CDM ဆရာ၊ ဆရာမ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်၊ ကျောင်းသားဟောင်းကိုယ်စားလှယ် မြို့မိမြို့ဖ ကိုယ်စားလှယ်တွေနဲ့ မေလ ၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်တာပါ။
စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်တဲ့ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့များအစား တက္ကသိုလ် စီမံအုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်နဲ့ အညီ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်ရစေရန် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။
ကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးမှ ချမှတ်တဲ့ ညွှန်ကြားချက်တွေအတိုင်း ပူးပေါင်းရွက်ဆောင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
မုံရွာတက္ကသိုလ်ဝင်းထဲကို လက်နက်ကိုင် ရဲနဲ့ စစ်တပ်တို့က ဒီကနေ့ နေ့လယ်ပိုင်းက နေရာဝင်ယူထားပါတယ်။
ဒါကြောင့် တချို့ဝန်ထမ်းတွေက အထုပ်အပိုးတွေကို အပြင်ကို သယ်ထုတ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
လက်ရှိမှာ တက္ကသိုလ်ပင်မပေါက်နဲ့ တက္ကသိုလ်အနောက်ပေါက်တို့ကို စစ်တပ်၊ ရဲ အစောင့်တွေ ချထားပြီး ပြည်သူတွေကတော့ အဲဒီအပေါက်တွေအနီးအနားမှာ စောင့်ကြည့်နေ ကြပါတယ်။
မနက်ပိုင်းကတော့ တက္ကသိုလ်ထဲဝင်လာတဲ့ ရဲ ၁၆ ယောက်ကို ပြည်သူတွေက ပြန်လည်မောင်းထုတ်ခဲ့ပေမယ့် နေ့လည်ပိုင်းမှာတေယ့ စစ်တပ်ပါ ပါလာတဲ့အတွက် မောင်းထုတ်နိုင်ခြင်းမရှိဘဲ စောင့်ကြည့်နေရတဲ့အနေအထားမှာပဲ ရှိနေတာပါ။ နောက်ထပ်လည်း စစ်တပ်၊ ရဲအင်အားတွေ ထပ်မံလာရောက်လာနေတယ်လို့ သိရပါတယ်။