close

မုံရွာတရားရုံး

close

April 26, 2022

ပြည်သူ့ဘက်ရပ်တည်ပေးရန် မုံရွာတရားရုံးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ သတိပေး

စစ်ကိုင်း မုံရွာမြို့က တရားရုံးတွေ စစ်ကောင်စီအလိုကျ တရားစီရင်ရေး အသက်သွင်းလည်ပတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး ပြည်သူ့ဘက်က ရပ်တည်ပေးဖို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF နဲ့ မုံရွာဒေသခံပြောက်ကျားတပ်ဖွဲ့တွေက ဧပြီ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲသတိပေးကြေညာချက်ထားပါတယ်။

မုံရွာမြို့ရှိ တရားရုံးတွေဟာ စစ်ကောင်စီရဲ့ဩဇာခံအဖြစ် ရပ်တည်နေကြသလို ပြည်သူလူထုအပေါ် မတရားစွပ်စွဲပြစ်တင်မှုတွေ လက်ခံဆောင်ရွက်နေပြီး ဥပဒေနဲ့မညီတဲ့ အပြစ်ပေးအရေးယူမှုများစွာလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “တချို့ ပြည်သူတွေဆိုရင် မတရားစွပ်စွဲခံရပြီး ရုံးတင်ခံရတယ်။ ဒါလည်း စစ်ကောင်စီအလိုကျ တရားရုံးက စွဲချက်တင်ပြီး ဆက်စစ်တယ်။ အဲဒီနောက် အမှန်တရားနဲ့ ဥပဒေဆိုတာကို မျက်ကွယ်ပြုပြီး မတော်မတရားပြစ်ဒဏ်အမိန့်တွေ ချတာရှိတယ်။ အခု လွတ်လပ်တဲ့ တရားစီရင်ရေးဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်နေသလို တရားရုံးမှာလည်း စစ်ကောင်စီရဲ့ ကြိုးဆွဲရာ ကနေတဲ့ ရုပ်သေးရုပ်ဥပဒေဝန်ထမ်းတွေ ဖြစ်နေတယ်။ အဲဒီလို လုပ်‌ဆောင်တာတွေကို ရပ်တန်းက ရပ်ပေးဖို့ရာ သတိပေးထုတ်ပြန်တာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်းတတိုင်းလုံးရဲ့ နေရာအနှံ့ပြားမှာ စစ်ပွဲကာလအခြေနေ ကျရောက်နေသလို ပြည်သူတွေ အသွားလာနေထိုင်ရေး လုံခြုံမှုကင်းမဲ့နေချိန်မှာ တရားရုံးတွေဟာ စစ်အုပ်စုအလိုကျအတိုင်း တရားစီရင်ရေးကို အသက်သွင်းဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် တရားရုံးတွေ၊ တရားရေးဝန်ထမ်းတွေအနေနဲ့ ပြည်သူကို မျက်နှာမူပြီး ပြည်သူ့ဘက်ကို ရပ်တည်ဖို့နဲ့ ပြည်သူကို ဖိနှိပ်လာပါက စစ်ကောင်စီနဲ့ တတန်းတည်းထားပြီး တော်လှန်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

အဆိုပါကြေညာချက်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ /MPDF တပ်ခွဲ ၄၊ Special Regional Attacks Force ၏ တပ်စပ် ၂၊ Monywa Nightking၊ Peacock Generation Force -PGF ၊ Unity Force Monywa ၊ Monywa Young People Group ၊ God of Snake ၊ Monywa Hero Group    MHG နဲ့ Monywa Ninja စတဲ့ အဖွဲ့တွေက ပူးတွဲထုတ်ပြန်ခဲ့ကြတာပါ။

မုံရွာမြို့အကျဥ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားဦးရေ ရာ‌ပေါင်းများစွာရှိနေပြီး မတရားအမှုဆင်ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

2 mins Ago
Up