စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျောက်ကာလမ်းမှာ ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ မုံရွာပင်မ သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ပါတယ်။
မုံရွာပင်မ သပိတ်စစ်ကြောင်းဟာ ချီတက်ဖို့ လူစုနေတဲ့အချိန် အရပ်ဝတ် စစ်ကောင်စီတပ်သားတချို့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်တယ်လို့ သိရတယ်။
“စစ်ကြောင်းလူစုနေတဲ့အချိန်မှာ မသင်္ကာစရာ လူတွေ့တာနဲ့ လိုက်ကြည့်တော့ စစ်ကောင်စီတပ်က လူတွေဖြစ်နေတယ်။ အဲ့ဒါနဲ့ အမြန်လူစုခွဲလိုက်တယ်။ လူစုခွဲတဲ့အချိန်မှာ သေနတ်တွေနဲ့ပစ်တယ်။” လို့ စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
ပစ်ခတ်ဖြိုခွင်းပြီး မကြာခင်မှာ အိမ်စီးကားတွေနဲ့ အရပ်ဝတ်စစ်ကောင်စီတပ်သား အင်အားအများအပြားရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
သပိတ်စစ်ကြောင်းကို အချိန်မီလူစု ခွဲနိုင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ဆိုင်ကယ်တစ်စီး ကျန်ခဲ့ကာ စစ်ကောင်စီတပ်သားတွေ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။