စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဇူလိုင် ၂၇ ရက် ဒီကနေ့မှာ မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
ဒီနေ့မနက် ကိုဝေမိုးနိုင်ကို မုံရွာအကျဉ်းထောင်ထဲက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ ရုံးထုတ်တဲ့အချိန် ကိုဝေးမိုးနိုင်ရဲ့ မိခင်ဖြစ်သူက တရားခံပြသက်သေအနေနဲ့ သွားရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
အခုလို တရားရုံးရုံးချိန်းမှာ မိခင်ဖြစ်သူက ကိုဝေမိုးနိုင်တွေ့ပြီး စကားပြောခွင့်ရတာဖြစ်ပြီး နောင်မှာ သားဖြစ်သူနဲ့ တွေ့ခွင့်မရမှာကို စိုးရိမ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မုံရွာမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်နဲ့ လှည့်လည် ဆန္ဒပြနေစဉ် စစ်တပ်က ကားနဲ့တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အကျဉ်းထောင်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် မိသားစုနဲ့ တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပုံတူရုပ်တုကို လူငယ်ပန်းပုဝါသနာရှင်တစ်ဦးက ပြုလုပ်ခဲ့ပါတယ်။
“မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မွေးနေ့ အမှတ်တရ ပြုလုပ်ပေးတာပါ၊ ထောင်ထဲမှာလည်း ကျန်းကျန်းမာမာရှိဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းပေးရင် ပြည်သူတွေက သတိရနေတဲ့သဘောပြုလုပ်ဖြစ်တာပါ”လို့ အဆိုပါ ပုံတူရုပ်တု ပြုလုပ်သူ လူငယ်ပန်းပု ဝါသနာရှင်က ပြောပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ပုံတူ ရုပ်တုကို စက်တင်ဘာ ၂၅ ရက်မှစတင် ပြုလုပ်နေတာ ဖြစ်ပြီး လက်ရှိမှာ အကြမ်းထည် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီ ပုံတူရုပ်တုဟာ အမြင့် ၁ပေ၊ အောက်ခံခုံ ၆လက်မ ရှိ ပုံတူရုပ်တု ဖြစ်ပါတယ်။
အဲဒီ လူငယ်ပန်းပုပညာရှင်ဟာ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာလည်း အမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု ပြုလုပ်ခဲ့ပါသေးတယ်။
တော်လှန်ရေးကာလအတွင်း ပြုလုပ်ခဲ့တဲ့ ပုံတူရုပ်တုတွေကို စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်ပြီးဆုံးချိန် ပြပွဲ ပြုလုပ်ကာ ပြသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။မုံရွာသပိတ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က ဆိုင်ကယ်စီးလာတုန်း စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ဓားပြမှု ပုဒ်မ ၃၉၅ အပါအဝင် ပုဒ်မ ၇ ခုလောက်နဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။