ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးပေါ်ဝိန်းဆိုင်ကျေးရွာအုပ်စု၊ ဆမာရွာနဲ့ ဟူဘန်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ် လောက်က တိုက်ပွဲထပ်မံ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ တပ်မ ၇၇ အင်အား ၁၀၀ လောက်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၁၃ ရက်ကနေ ဒီနေ့အထိ နေ့တိုင်းထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေပြီး မိုင်ဖန်ရွာဘက်က စစ်ကောင်စီတပ်တွေလည်း အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ အပြင် လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခု ၁ နာရီကနေ လက်နက်အကြီးရော၊ လက်နက် အသေးရော အဆက်မပြတ်ပစ်နေတယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာပဲ။ မိုင်ဖန်အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေ ပစ်ကူနေတာ ၄ ချက် ရှိပြီ”လို့ ပြောပါတယ်။
၁၀၅ မိုင် ဗျူဟာကုန်းကနေ လက်နက်ကြီး ထုနေတာ ၄ ချက်ရှိပြီး အသံအကျယ်ကြီး ကြားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်က အဆိုပါဒေသကို စစ်ကောင်စီ ဂျက်လေယာဉ် ၂ စီး ရောက်ရှိလာကာ ပျံဝဲခဲ့တာကြောင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပိုမိုပြင်းထန်လာမှာ ဒေသခံတွေက စိုးရိမ်ထိတ်လန့် နေကြပါတယ်။
ဇန်နဝါရီ ၁၁၊ ၁၂ ရက်မှာ နောင်ဟဲန့်၊ လွယ်ဆာရွာတွေဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်မှာတော့ ဆမာနဲ့ ဟူဘန်ရွာဝန်းကျင် တကြော တိုက်ပွဲ ဆက်လက်ပြင်းထန် နေတာပါ။
တိုက်ပွဲတွေကြောင့် နောင်ဟဲန့်၊ လွယ်ဆာ၊ လွယ်ကန်၊ ဟူဘန်၊ ဆမာတို့မှ ဒေသခံပြည်သူ ၃၀၀ ကျော် ဝိန်းဆိုင်သို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်မြေပြင်နဲ့ နီးနေတဲ့ ဟူနားရွာခံတွေလည်း မုံးပေါ် မနောကွင်းဘက် ယာယီ ရှောင်တိမ်းနေကြရပါတယ်။
တိုက်ပွဲကြားထဲက ဝိန်းဆိုင်ရွာဘက် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာခဲ့ကြရတဲ့ စစ်ဘေးရှောင်တွေဟာ ဆပ်ပြာ၊ သွားတိုက်တံလို တကိုယ်ရေသုံးပစ္စည်းတွေကအစ စားနပ်ရိက္ခာအဆုံး အကူအညီလိုအပ်နေပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီတပ်၊ မုံးပေါ်ပြည်သူ့စစ်၊ MNDAA ၊ KIA၊ SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်တို့ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။
Photo Crd# CJ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသက MNDAA တပ်စခန်းရှိရာ မန်းယန်ရွာဘက်ကို စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသေအပျောက်တွေရှိခဲ့တယ်လို့ ကိုးကန့်ဘက်က ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
လေယာဉ်နှစ်စီးအပြင် လက်နက်ကြီးတွေနဲ့ သံချပ်ကာယာဉ်တွေနဲ့ တရစပ် ပစ်ခတ်နေတာကြောင့် ပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဒီမနက်တော့ မန်းယန်ဘက် လေယာဉ်နဲ့ သွားပစ်နေတယ်။ မန်းယန်က ရွာခံတွေလည်း အကုန် ရှောင်နေလိုက်ပြီ။ ဗျူဟာမှူးက အားလုံး တယောက်မှ နေလို့ မရဘူးပြောလို့ မန်းယန်နဲ့ ဘန်မွေးရွာခံတွေကို ရှောင်ခိုင်းလိုက်ပြီး မနက် ဝေလီဝေလင်းကတည်းက အသေအလဲ ပစ်နေကြတယ်။"
စစ်ကောင်စီအနေနဲ့ လက်နက်ကြီး လက်နက်ငယ်အပြင် လေကြောင်းပါ အသုံးပြုလာပြီး ကိုးကန့် MNDAA တို့နဲ့ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန်လာကာ ဖောင်းဆိုင်ဒေသရှိ တချို့ကျေးရွာတွေမှာ လူနေအိမ်တွေ အားလုံးနီးပါး လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီး လောင်ကျွမ်းသွားပြီလို့ ဒေသခံက ရှင်းပြပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အသေအပျောက်အများအပြားရှိခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရ သူ စာရင်းအတိအကျကိုတော့ မသိရသေးပါဘူး။
မုံးကိုးမြို့နယ်ခွဲအတွင်းက MNDAA တပ်စခန်းတွေရှိရာကို စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်အထိ ၄ ရက်အတွင်း စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေကို အသုံးပြုကာ စုစုပေါင်း ၁၄ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒေသခံနောက်တစ်ဦးက "ကျနော်တို့ ဒေသရဲ့ ပြည်တွင်း စစ်သမိုင်းမှာ အကြိမ်ကြိမ် ကျော့ပြန် စစ်ဖြစ်ပွားခဲ့ပေမဲ့ အခုလို မကြုံခဲ့ဖူးဘူး။ ကြုံခဲ့ရတဲ့ တိုက်ပွဲတွေထဲမှာ ဒီနှစ်တိုက်ပွဲက အဆိုးတကာ့ အဆိုးဆုံးပဲ။ ခါတိုင်းက ပြည်သူတွေ ဒီလောက် ဒုက္ခမဖြစ်ဘူး။ အသက်ဆက်ရှင်ဖို့တောင် ခက်ခဲနေတယ်။ အကူအညီလည်းရဖို့ ခက်ခဲတယ်။ ဆန်ပြုတ်ပဲ စားနေရပြီ" လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက မန်းယန် MNDAA တပ်စခန်းကို တရစပ်တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့ပြီး ဒီနေ့မှာတော့ စစ်မျက်နှာသုံးဘက်ကနေ ဂျက်လေယာဉ် အသုံးပြုကာ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ကနေလည်း အမြောက်တွေနဲ့ ပစ်ကူနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၉ ရက်မနက် ၆ နာရီကစ မန်းယန်ဘက်ကို လေယာဉ်နဲ့ ခြေလျင်တပ်တွေ စတင်တိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ ခွဲကျော်လောက်မှာတော့ စစ်ကောင်စီဘက်က သံချပ်ကာယာဉ်တွေ အပါအဝင် အမြောက်မျိုးစုံနဲ့ အကြိမ် ၁၅၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကာ ညပိုင်းအထိ နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီအနေနဲ့ တပ်မ ၁၁၊ ၃၃၊ ၇၇၊ ၉၉ စတဲ့ ဗျူဟာ ၄ ခုအပြင် သံချပ်ကာ ၄ စီးနဲ့ အင်အားဖြည့်ကာ လေကြောင်း တိုက်ခိုက်နေတာလို့ သိရပါတယ်။
ဖောင်းဆိုင်ဒေသရှိ ကိုးကန့် MNDAA ရဲ့ မန်းယန်တပ်စခန်း နဲ့ ရှိကျိကျတောင်တန်းကို စစ်ကောင်စီ အနေနဲ့ အကြိမ်ကြိမ်ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ဘဲ ထိခိုက်ကျရှုံးမှုများခဲ့တဲ့အတွက် အဓိက ပစ်မှတ်ထား ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။