close

မုံးကိုးမြို့

close

January 25, 2022

မုံးကိုးမြို့ပေါ် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်မတော် MMDAA တို့ကြား တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်  ကချင်နှစ်ခြင်း ဘုရားကျောင်းနဲ့ လီဆူးနှစ်ခြင်း ဘုရားကျောင်းတို့မှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်နှစ်ခြင်းဘုရားကျောင်းက စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစ ကလေးငယ်တွေ၊ မီးနေသည် မိခင်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရှိနေပြီး လုံလောက်တဲ့ အစာအာဟာရ  မရရှိကြဘူးလို့ သိရပါတယ်။

“ကျနော် ရောက်သွားတဲ့အချိန် သူတို့မှာ ဆန်၊ စားစရာ မရှိတော့ဘူး။ မုန်ညှင်းကိုပဲ နေ့စဉ်နီးပါး ဟင်းချက်စားနေရတယ်။ စစ်ရှောင်စခန်းရဲ့ တာဝန်ခံတွေအနေနဲ့လည်း စစ်ရှောင်ကာလကို အများဆုံး ၂ လလို့ ခန့်မှန်းထားပေမဲ့ အခုဆို ၅ လကျော်လာပြီဖြစ်လို့ စားနပ်ရိက္ခာအတွက် အရမ်းကို ခက်ခဲနေကြတယ်။"

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေများတာကြောင့် ပရဟိတသမားတွေလည်း ရိက္ခာတွေ မသယ်ရဲကြဘူးလို့ ဆိုပါတယ်။

“အလှူရှင်တွေနဲ့ ပရဟိတသမားတွေကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ များတာကြောင့် ရိက္ခာတွေ မသယ်ရဲကြဘူး။ တရုတ်ဘက်ကလည်း လမ်းတွေ ပိတ်ထားတဲ့အပြင် လုံခြုံရေးတပ်တွေပါ ချထားလို့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး  ဝယ်ယူဖို့တောင်  ခတ်ခဲနေတယ်။” 

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ အပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ MMDAA တပ်ဖွဲ့၊ KIA တပ်ဖွဲ့ တို့ကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

15 mins Ago

January 13, 2022

မုံးကိုးမြို့ပေါ်က စစ်ဘေး‌ရှောင်ပြည်သူ ၅၀၀ ကျော် စားနပ်ရိက္ခာ ပြတ်တောက်လာ

မြန်မာ-တရုတ် နယ်စပ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ဘေး‌ရှောင်ပြည်သူ ၅၀၀ ကျော် စားနပ်ရိက္ခာ ပြတ်တောက်လာတဲ့အပြင် ဆက်နေဖို့နေရာ အချို့ အခက်အခဲ ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ 

ဆက်လက်ရှောင်တိမ်းနေထိုင်ဖို့အတွက် စားနပ်ရိက္ခာ မလုံလောက်တော့ဘူးလို့ ကူညီပေးနေသူ ၁ ဦးက ပြောပါတယ်။

“လောလောဆယ် ဆန် ကုန်နေတယ်။ ကျနော်တို့ရဲ့ အဓိက အခက်အခဲ ၁ ခုက စစ်ရှောင်ရမယ့် အချိန် ကြာဦးမယ်ဆိုရင် တော်တော်လေးကို အခက်အခဲ ဖြစ်နေတယ်။ အချိန်တိုဆိုရင်တော့ တတ်နိုင်သလောက် ခြစ်ကုတ်စားလို့ ရတယ်။ ထပ်ကြာဦးမယ်ဆိုရင် စားနပ်ရိက္ခာအတွက် လုံးဝ အဆင်မပြေတော့ဘူး။” 

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လ ကုန်ပိုင်းကစ လီဆူဘုရားကျောင်း၊ ကချင်နှစ်ခြင်း ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ လက်ရှိ စစ်ဘေးဒုက္ခသည် ၅၆၀ ယာယီခိုလှုံ နေကြရတာပါ။  

ကိုဗစ်-၁၉ ကပ်ရောဂါလည်း ကင်းစင်နေပြီဖြစ်တဲ့အတွက် ဘုရားကျောင်း‌ဝင်းထဲက အဆောက်အဦအချို့ အလှူ၊ မင်္ဂလာဆောင်နဲ့ စာသင်ဖို့အတွက် အသုံးလိုအပ်နေတာကြောင့် အချို့ နေရာ ဖယ်ပေးရမှာဖြစ်တဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့  စစ်ရှောင်‌တွေကို နေရာကူညီ စီမံခန့်ခွဲပေးနေသူတစ်ဦးက ပြောပါတယ်။

အခု ရှောင်တိမ်းနေတဲ့ ဒေသခံတွေက နေရပ်ရွာဘက် စစ်မြေပြင်လို ဖြစ်နေတာကြောင့် လုံးဝ ပြန်လို့ မရသေးတဲ့သူတွေဖြစ်ပြီး အခြားစစ်ရှောင်စခန်းတွေလို သီးသန့်ဆောက်ဖို့လည်း ငွေကြေးအပြင်နေရာ အခက်အခဲကြောင့် စိတ်ပူပင်သောက ရောက်နေရတယ်လို့ ဆိုပါတယ်။ 

"စိတ်အညစ်ရဆုံးက ပထမ နေရာမရှိဘူး။ ဒုတိယ ငွေမရှိဘူး ဖြစ်နေတယ်။ နေရာပြောင်းပြီး နေစရာ ဆောက်လိုက်ရင် ရှိထားတဲ့ မဖြစ်စလောက်ရှိတဲ့ ပိုက်ဆံကုန်သွားပြီး ဘာနဲ့ စားမလဲ။ စားဖို့ မရှိတော့ဘူးဖြစ်သွားမှာ။ နဂိုကမှ စစ်ဘေးဒုက္ခသည်ပိုပြီး စိတ်ဆင်းရဲ ဒုက္ခရောက်သွားမှာလည်း စိုးရိမ်နေရတယ်။ တပ်မမှူးကတော့ မကြာလောက်တော့ဘူး။ ဒီနေရာပဲ သီးခံပြီးနေပေးပါ လို့ပြောတယ်။" 

လက်ရှိနေနေတဲ့ နေရာအချို့က ကလေးတွေ စာသင်နေတဲ့ အဆောင်ဖြစ်နေပြီး လာမယ့် ဖေဖော်ဝါရီလကစ စာပြန်သင်တော့မှာကြောင့် ဖယ်ပေးဖို့ လိုလာတယ်လို့ စစ်ရှောင် ၁ ဦးက ပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် မုံးကိုးမြို့နယ်အတွင်း ရွာပေါင်း ၇ ရွာခန့်က ဒေသခံ ပြည်သူ ၅၀၀ ကျော်ဟာ လက်ရှိအထိ ရွာပြန်နေထိုင်လို့မရဘဲ နေအိမ်တွေ ထိခိုက်ပျက်စီးတာ၊ ကြိုကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာ၊ စစ်ရေးတင်းမာနေမှုတွေကြောင့် ရှောင်တိမ်းနေရတာပါ။

2 weeks Ago
Up