close

မုံးကိုး

close

November 23, 2022

မုံးကိုးတွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အဘွားအို ၁ ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဝိန်းဆိုင်ရွာမှာ နိုဝင်ဘာ ၂၂ ရက် ည ၁၁ နာရီ မိနစ် ၂၀ လောက်က တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်ဝင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် ၈၅ နှစ်ရွယ် အမျိုးသမီးကြီးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံတဦးက “ည ၁၁ နာရီ မိနစ် ၂၀ ကျော်ခန့်မှာ။ ဒီက အဘွားတယောက်ကို ထိသွားတယ်။ အိမ်ရှေ့မှာကို လာကျတာ။ တိုက်ပွဲမဖြစ်ဘူး၊ ရမ်းသန်းပစ်တာ” လို့  ပြောပါတယ်။

အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်မိတုန်ရွယ်ဟာ အိမ်‌ရှေ့ တဲအိမ်နား လက်နက်ကြီးကျလာကာ ပေါက်ကွဲစတွေ ထရံကနေ ဖောက်ဝင်ပြီး ခြေထောက်နဲ့ ခါးမှာ ကျည်စ ၂ ခုထိမှန် ဒဏ်ရာရသွားတာလို့ သွားရောက်ကူညီပေးတဲ့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်ခေါင်မိုးတွေလည်း ကျည်စတွေ ထိမှန်ပျက်စီးသွားပြီး နောက်ထပ် ဈေးရှိတဲ့ ရပ်ကွက်ဘက်မှာ တလုံးကျ‌ပေမဲ့ နေအိမ်ထိခိုက်တာမရှိဘဲ ဆေးရုံကုန်းဘက်လည်း လက်နက်ကြီးကျည် ကျပေမဲ့ မပေါက်ကွဲဘူးလို့ ဆိုပါတယ်။

မိသားစုဝင်တဦးက  “ဟုတ်တယ်။ ငါတို့အဘွား ထိသွားတယ်။ မနေ့က မူဆယ်ဆေးရုံခေါ်လာတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီဝန်းကျင်လောက်ကလည်း စစ်ကောင်စီတပ်က ဒွမ်ဒုရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဝိန်းဆိုင်ရွာအနီးက မန်ကန်ရွာထဲက နေအိမ်ခြံဝင်းတခု ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“တနေ့ညလည်း မန်ကန်ဘက် ပစ်ထည့်တယ်။ ရွာထဲ တခုလာကျတယ်။ ပေါက်ကွဲတယ်။ အဲဒါ ခြံဝင်းမှာ။ သစ်ပင်ကိုလာထိတာ။ လူကတော့ နည်းနည်းပဲ စင်ထိတယ်။”

ဝိန်းဆိုင်ဝန်းကျင်မှာတော့ တိုက်ပွဲမဖြစ်တာ လအနည်းငယ်ရှိပြီ ဖြစ်ပေမဲ့ အခုလို လက်နက်ကြီးတွေ ရွာထဲပစ်နေတာကြောင့် မလုံခြုံတဲ့အပြင် အန္တရာယ်ကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကလည်း တိုက်ပွဲမဖြစ်ဘဲ ဘန်ကမ်းရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးပြီး တဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

ဝိန်းဆိုင်ရွာဟာ မုံးပေါ်ဒေသမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဒေသတခု ဖြစ်သလို စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားရာ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ကေအိုင်အေ၊ မြောက်ပိုင်းမဟာမိတ်ညီနောင်‌တွေဖြစ်တဲ့ MNDAA၊ TNLA၊ SSPP/SSA တို့ အဓိက လှုပ်ရှား သွားလာရာနေရာ ဖြစ်ပါတယ်။

14 mins Ago

May 3, 2022

မုံးကိုးတွင် တရုတ်ကိုတင်ပို့မည့် ကြံကားရာချီပိတ်မိ၊ ကြံများ ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီ - မံစီ အဝေးပြေးလမ်းမပေါ်ရှိ မန်ဟိုင်းတို့ ထိစပ်နေတဲ့ မုံးကိုး - မန်ဟိုင်း နယ်စပ် ကုန်သွယ်ရာဂိတ်ကို လွန်ခဲ့တပတ်ကျော်က ကိုဗစ်ပိုးတွေ့အကြောင်းပြချက်နဲ့ ၁ ပတ်ကျော် ပိတ်လိုက်တာကြောင့် တရုတ်ဘက်တင်ပို့မယ့် ကြံတင်ကား ရာချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖောင်းဆိုင် ဒေသခံတဦးက “အရင် ပတ်က ပိုးတွေ့လူနာရှိလို့ ဆိုပြီး တပတ်လောက် နားထားခိုင်းလို့ ကြံကားတွေ ပိတ်မိနေတာ အခုတော့ ပြန်ဝင်လို့ရပြီ။” လို့ ပြောပါတယ်။

ကိုယ်ပိုင် ကားရှိတဲ့သူတွေသာ အဆင်ပြေပြီး ကားမရှိတဲ့ တောင်သူတွေက ကြံခုတ်ပုံထားပြီး ကားမရလို့ ၁ လ လောက် ကြာသွားတာကြောင့် ပုပ်ပျက် ဆုံးရှုံးသွားတာ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ခြမ်းထဲ ဝင်လို့ မရတာကြောင့် မြန်မာဘက်ခြမ်းမှာ ပိတ်မိနေတာလို့ မုံးကိုးမြို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

“ကားတွေ အရမ်း ပိတ်မိနေတယ်။ ဒီတလော ကြံကားတွေလည်း အရမ်းမှောက်တယ်။ ပိတ်မိနေတဲ့ ကားတွေက ရာချီမယ်။ လမ်းတိုင်း ကားတွေ ပြည့်နေတယ်” လို့ ပြောပါတယ်။

တင်ပို့လို့ရပေမယ့် ကားတွေကို ၄၈ နာရီ ပိုးသတ်ထားရတဲ့ အပြင် ၁ ရက်ကို ၁၀ စီးလောက်သာ ဝင်တာကြောင့် ကြန့်ကြာနေပြီး စိုက်ထားတဲ့ကြံတွေ အကုန်ရောင်းရဖို့ မဖြစ်နိုင်ဘူးလို့ မုံးကိုးမြို့နေ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

“၁၀ ရက် ကျော်ပြီ။ ပန်ဆိုင်းလမ်းဘက်က နမ့်ပန်းချောင်းကနေ စပိတ်တာ။ မုံးပေါ် လမ်းဘက်က ခါ့ဆန်ရွာ ကနေပဲ ပိတ်မိနေတာ။ ဖောင်းဆိုင်ဘက်ကနေ ဝင်လာတာလည်း ဒီမြို့တွင်းထဲပဲ ပိတ်မိနေတယ်” လို့ သူက ရှင်းပြပါတယ်။

တချို့တွေက ဖောင်းဆိုင် ရေပူစမ်းဘက်က‌နေ သံလွင်ဘက်အနီးမှာရှိတဲ့ တရုတ်ဘက်ခြမ်း ရှောက်ဝ်ဂိုင်းကို တင်ပို့ရတယ်လို့ ဖောင်းဆိုင် ဒေသခံတဦးက ပြောပါတယ်။

“ဖောင်းဆိုင်ဘက်ကတော့ ရေပူစမ်းကနေ ရှောက်ဝ်ဂိုင်းဘက် ပို့တယ်။ သံလွင်မြစ်ဘက်။ ဆိုင်ကယ်နဲ့ သွားရင် ၁ နာရီလောက် မောင်းရသေးတယ်။”

ကားသမားတွေ မြို့နဲ့ဝေးတဲ့ တောလမ်းမှာ ပိတ်မိနေလို့ ငှားထားတဲ့ ကားသမားတွေအတွက် ထမင်းတွေသွားပို့ရတာ ၁ ပတ်‌‌ကျော်ပြီလို့ မုံးပေါ်က ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

“ဝယ်စားစရာ ဆိုင်လည်း မရှိဘူး။ ကားသမားတွေ ချက်စားဖို့ကလည်း မိုးရွာတော့ ထင်းနဲ့ ချက်စားဖို့လည်း စိုနေတယ်။”

ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး မြို့နယ်တို့မှ ကြံတွေကို တရုတ်ဘက်က လုပ်ငန်းရှင်တွေပေါ် မူတည်ပြီး မုံးကိုး - မန်ဟိုင်း ကနေတဆင့် ရင်ကျန်း ဘက်တင်ပို့ရတာ ရှိသလို ဖောင်းဆိုင်၊ ရေပူစမ်းကနေ တရုတ်ဘက် ရှောက်ဝ်ဂိုင်း တင်ပို့ရပြီး မနှစ်ကတော့ ကိုဗစ်ဖြစ်ပေမယ့် အခုလို အခက်ခဲ မဖြစ်ဘဲ မုံးကိုး၊ ပန်ဆိုင်း မြို့နယ်တွေထဲက ကြံတွေ အကုန်တင်ပို့နိုင်ခဲ့တယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

7 months Ago
Up