close

မုံးပေါ်ဒေသ

close

June 1, 2022

ကြူကုတ်(ပန်ဆိုင်း) မုံးပေါ်ဒေသတွင် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊  ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ၊ မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ‌ကေအိုင်အေ ၊ အမ်အန်ဒီအေအေ ကိုးကန့် ပူးပေါင်းအဖွဲ့တို့ မေ ၃၁ ရက်နဲ့ ဇွန် ၁ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က စီစီဝမ်တာပန်တောင်ရဲ့ မျက်နှာချင်းဆိုင်ဘက်၊ နမ့်ခေါင် ဆုတောင်းတောင်နဲ့ အဲဒီ တောင်ကြောတလျှောက်ဘက်၊ ဒီနေ့လည်း အဲဒီဘက်မှာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်ကစပြီး  ၁၁ နာရီကျော်လောက်အထိ လက်နက်ငယ်သံရော လက်နက်ကြီးသံပါ ပြင်းပြင်းထန်ထန် ကြားနေရပြီး မွန်းလွဲ ၁ နာရီကျော်ထိ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ 

ကေအိုင်အေ ရှေ့တန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “အဲဒီဘက် ကိုးကန့်တွေလည်း ရောက်နေလို့လေ။ သူတို့က ခဏတဖြုတ် သွားလိုက်လာလိုက်ပဲ။ ဒီတခေါက်က ကေအိုင်အေနဲ့ ကိုးကန့် ပေါင်းတယ်။ စစ်တပ်က အင်အား ၁၅၀ လောက်ရှိမယ်။ ၉၉ ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး သွားလာနေတာ သုံးလေးရက်လောက်ရှိပြီး ဒေသခံတွေက တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြကာ ယာခင်းနဲ့ ခြံတွေသွားရင် လုံခြုံမှု မရှိတာကြောင့် အလုပ်လုပ်ဖို့ အခက်ကြုံရတယ်လို့ ဆိုပါတယ်။

ဒေသခံ မိန်းကလေးငယ်တဦးက “တနေ့က အဖွားနဲ့ ခြံသွားတာ လမ်းမှာ စစ်ကြောင်းနဲ့တွေ့လို့ တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး လမ်းကနေ လှည့်ပြန်ခဲ့တယ်။ စစ်သားတွေ အများကြီးပဲ”လို့ ပြောပါတယ်။

မနေ့က မိုင်ဖန် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၅ ကြိမ်လောက်နဲ့ ၁၀၅ မိုင် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၆ ကြိမ်လောက်  ပစ်ကူခဲ့ပြီး ဒီနေ့မှာလည်း မိုင်ဖန်နဲ့ ၁၀၅ မိုင် စစ်ကောင်စီတပ်တို့ကနေ လက်နက်ကြီး အကြိမ်ကြိမ်ပစ်ကူသံ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၄ ရက် ညကလည်း မိုင်ဖန်ရွာအနီးမှာ စစ်တပ်နဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ ပူးပေါင်းအဖွဲ့တို့ နာရီအနည်းငယ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်ကလည်း မုံးပေါ်ဒေသ စီစီဝမ်တာပန် တောင်ခြေ ဟူဂန့်ရွာ အနီးတဝိုက် စစ်တပ်နဲ့ ကိုးကန့် အမ်အန်ဒီအေအေတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ဟူးဂန့်ရွာထဲက နေအိမ် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့သလို ကြံခင်း ဧက ၁၀၀ ကျော်လည်း ‌လောင်ကျွမ်း ပျက်စီးခဲ့ပါသေးတယ်။

မုံးပေါ်ဒေသမှာတော့ စစ်ကောင်စီတပ်ဖွဲ့၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ မြောက်ပိုင်းမဟာမိတ်  ညီနောင်အဖွဲ့တို့ လှုပ်ရှားသွားလာရာနေရာ ဖြစ်ပါဝာယ်။

၂၀၂၂ နှစ်ဆန်းပိုင်းကစ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေတို့အကြား တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

4 mins Ago

May 5, 2022

မုံးပေါ်ဒေသ၊ မိုင်ဖန်ရွာအနီး စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ် မြောက်ပိုင်း ကမ္ဘာကျော်တိုက်ပွဲ ဖြစ်ခဲ့တဲ့ စီစီဝမ်တာပန် တောင်ရှိရာ မုံးပေါ်ဒေသက မိုင်ဖန်ရွာထိပ်မှာ မေ ၄ ရက်ည ၉ နာရီ ဝန်းကျင်ကနေ ည ၁၂ နာရီ ဝန်းကျင်ထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ရွာထိပ်ဘက် တော်တော်ပြင်းတာ။ လက်နက်ကြီးရော လက်နက်ငယ်ရော ပါတယ်။ ခေါင်းရင်းနားမှာ ဖြစ်သလိုပဲ ကြားရတယ်။ ဗုံးခိုကျင်းက မိုးရွာထားတော့ ပြိုလာလို့ ကျောက်စီထားတဲ့ နံရံနားပဲ ပုန်းနေတာ” လို့ ပြောပါတယ်။

မိုင်ဖန်ရွာမှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့် MNDAA တွေက လာပစ်တာလို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ 

“အောက်ဘက် စစ်ကြောင်းဆင်းသွားလို့ အင်အား မရှိတော့တာသိလို့ လာပစ်တာနေမယ်။ ဖလပ်ရွာ အနီးဘက်နဲ့ ရွာထိပ်က လာပစ်တာ။” 

မိုင်ဖန် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၁၀ ကြိမ်ဝန်းကျင် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပြင်းပြင်းထန်ထန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် အထိအခိုက်နဲ့ ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မေ ၄ ရက်နေ့ မနက်ပိုင်းက ကွတ်ခိုင်နဲ့ မူဆယ်ကြား ပြည်ထောင်စု လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။

“ညနေပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ကြား၊ ပြည်ထောင်စုလမ်းမကြီးအနီး ပစ်ခတ်မှုဖြစ်ပွားတယ်။ ဒီရက်ပိုင်း ပြည်ထောင်စုလမ်းမပေါ် ပစ်ခတ်မှုဖြစ်နိုင်တယ်၊ လမ်းကြောအခြေအနေက။ အခြေအနေ စုံစမ်းပြီးမှ သွားရမှာ” လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ 

ဒါ့အပြင် မွန်းလွဲပိုင်းမှာလည်း တာလုံနဲ့ မော်တောင်းကြားမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲ ဖြစ်တာမှန်တယ်။ အထိအခိုက်လည်းရှိတယ်။ နောက်မှ ကျနော်တို့ ထုတ်ပြန်ချက် ထုတ်မယ်။” 

မုံးပေါ်ဒေသ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ MNDAA၊ KIA၊ TNLA၊ SSPP/SSA နဲ့ PDF တို့ လှုပ်ရှားသွားလာရာ ဒေသဖြစ်ပြီး လတ်တလော မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတာပါ။ 

ပြီးခဲ့တဲ့ ‌ဧပြီ ၂၆ နဲ့ ၂၇ ရက်တွေကလည်း မုံးပေါ်ဒေသ စီစီဝမ်တာဘန် တောင်ခြေ ဟူဂန့်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးနားရွာထဲက နေအိမ် အဆောက်အုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကြံခင်း ဧက ၁၀၀ နီးပါး ‌လောင်ကျွမ်း ပျက်စီးသွားခဲ့ပါသေးတယ်။

4 weeks Ago
Up