ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ၊ မုံးပေါ်သွားတဲ့လမ်း ရှူဘုတ် ကောင်ခါးရွာအနီးမှာ မတ် ၃၀ ရက်ညက ရဲအုပ်နဲ့ ရဲတပ်ကြပ်တွေအပါအဝင် ရဲ ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရဲစခန်းအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက “ရဲ ၅ ယောက်သတ်ခံရတာ။ မနေ့ညထဲက ပျောက်နေတာ။ မုံးပေါ်သွားတဲ့လမ်းမှာ အလောင်းတွေ့တယ်။ ညနေ ၅ နာရီ လောက်မှ သိရတာ” လို့ ပြောပါတယ်။
အမည်မဖော်လိုသူတဦးတော့ “ဖမ်းသွားတာကတော့ ကျင်းစန်းကျော့ကနေ ဖမ်းသွားတာ။ မနေ့က ညကြီးပေါ့နော်” လို့ ပြောပါတယ်။
ရဲတွေက အရပ်ဝတ်နဲ့ ငွေလိုက်လံ တောင်းတာတွေ၊ ကယ်ရီ သမားတွေကို ရိုက်စားလုပ်တာတွေ ရှိနေကြောင်း အမည်မဖော်လိုသူ ဒေသခံတွေက ပြောပါတယ်။
ရဲ ၅ ဦးကို ဘယ်အဖွဲ့က သတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ အလောင်းတွေကိုတော့ မတ် ၃၁ ရက်နေ့ ညနေပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်၊ ပသစ နဲ့ ရဲ ပူးပေါင်းအဖွဲ့က လာကောက်ယူသွားတယ်လို့ ဆိုပါတယ်။