close

မူဆယ်နယ်စပ်ဂိတ်

close

March 2, 2023

တရုတ်လျှပ်စစ်ကားများကို မူဆယ်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပထမဆုံးတင်သွင်းလာ

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်းစန်းကျော့-ဝမ်တိန် နှစ်နိုင်ငံကုန်သွယ်ရာ နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားတွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ နယ်စပ်လမ်းကြောင်းကနေ ပထမဆုံး တင်သွင်းလာတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“သုံးလေးဆယ်လောက် ဝင်တယ်။ သုံးလေးဆယ်လောက် ရောက်နေတယ်။ လက်ရှိ EV တွေ ဒီဘက်ကတင်သွင်းတာ ပထမဆုံးဟုတ်ပါတယ်” လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။

EV လျှပ်စစ်ကားဈေးကတော့ တစီးကို  ဒေါ်လာ ၇,၈၀၀ ရှိပြီး မြန်မာပြည်မှာတော့ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းမယ်ဆိုတာတော့ မသိရသေးပါဘူး။

နောက်ထပ် ကုန်သည်တဦးက“မူဆယ် ကျင်စန်းကျော့ တရုတ်ပြည်ဝင်ပေါက်ကနေ သွင်းလာတဲ့ EV ကားလေးတွေတော့ ရောက်နေပြီ။ ဈေးကတော့ ဒေါ်လာ ၇,၈၀၀” လို့ ပြောပါတယ်။

ဇန်နဝါရီလက တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီး ၄ဝ ကို ပြည်တွင်းကုမ္ပဏီနှစ်ခုဖြစ်တဲ့ Chin Dwin Shan Construction ကုမ္ပဏီက အစီး ၃ဝ နဲ့ NPK Motors ကုမ္ပဏီက ၁ဝ စီး ပထမဆုံးအကြိမ်အဖြစ် စတင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

EV Charger 60 KW ငါးစုံလည်း ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒုတိယအကြိမ်အဖြစ် တင်သွင်းရောက်ရှိလာကာ အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့တာဖြစ်​ကြောင်း စစ်​ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လျှပ်စစ်ကား (EV) တွေအတွက် အိမ်တွေမှာ တပ်ဆင်အသုံးပြုနိုင်တဲ့ အိမ်သုံးအားသွင်းစက် 7KW GB AC Charger ၅ ခုကိုလည်း ​ဖေ​ဖော်ဝါရီ ၂၁ ရက်​က Chin Dwin Shan ကုမ္ပဏီက တင်သွင်းခဲ့​ကြောင်း ကုန်သွယ်​ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အကောက်ခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ လျှပ်စစ်ကား တင်သွင်းခွင့်ကို ပြည်တွင်းကုမ္ပဏီ ၂၆ ခုထိ တင်သွင်းခွင့် လျှောက်ထားတာရှိကြောင်း သိရပြီး တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကားတွေ တင်သွင်းဖို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ကနဦးစီမံကိန်းအနေနဲ့ ခွင့်ပြုမှာဖြစ်ကြောင်း စစ်ကောင်စီက မနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

9 mins Ago

April 1, 2020

မူဆယ်နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်သို့  လူဝင်ရောက်သွားလာခွင့် ပိတ်ထား  

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်ရှိ တရုတ်နယ်စပ်ဂိတ်တွေမှာ ဒီကနေ့ ဧပြီ ၁ ရက်ကစပြီး တရုတ်နိုင်ငံဘက်ကို  လူအများဝင်ရောက်သွားလာခွင့်ကို ယာယီ ပိတ်ပင်လိုက်ပါတယ်။  တရုတ်နယ်စပ် ဝင်ပေါက်တွေဖြစ်တဲ့ မံဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ ကျူကုတ်ပန်ဆိုင်းနဲ့ မန့်ဟျိုး ဂိတ်တွေမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ကစပြီး ကုန်တင်ကားကလွဲလို့ လူဝင်ရောက်တာကို ယာယီပိတ်ပင်လိုက်တယ်လို့ ခရိုင်တာဝန်ရှိသူတွေက  ကြေညာထားပါတယ်။  ဒါကြောင့်  အဲဒီဂိတ်တွေမှာ လူတွေရှင်းနေပြီး အရောင်းအဝယ်တွေအေးနေကာ တရုတ်ဘက်ကို နေ့သွား  ညပြန်အလုပ်လုပ်တဲ့ လူတွေအတွက်တော့ အခက်အခဲ ရှိနတယ်လို့ မူဆယ်ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။  “ဒီလိုပိတ်လိုက်တော့ နေ့စဉ်ကြယ်ဂေါင်၊ ရွှေလီဘက်မှာ အလုပ်သွားလုပ်တဲ့ အလုပ်သမား တွေ ဝင်ထွက်ဖို့တော့ ခက်သွားတာပေါ့နော်၊ ကုန်ကားတွေကတော့ ပေးဝင်လို့ အသီးအနှံ တင်ပို့ရောင်းချတာတော့ ရတယ်ခင်ဗျ။ ဘယ်နေ့ထိပိတ်မယ်ဆိုတာတော့ မသိသေးဘူး။ ကိုဗစ်ရောဂါ ကူးစက်မှာစိုးလို့ ပိတ်တာဆိုတော့ အဲဒီအခြေ  အနေပေါ်မူ တည်ပါလိမ့်မယ်။” အရင်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ် - ၁၉ ရောဂါ စတင်ကူးစက်ပြန့်ပွားစဉ်ကလည်း တရုတ်နိုင်ငံဘက်မှာ သွားလာမှုတွေပိတ်ဆို့ထားလို့ မူဆယ်ဘက်ကို ဧည့်သည်ဝင်ရောက်မှု နည်းခဲ့ပါတယ်။  မူဆယ်ဟာ တရုတ်နယ်စပ် ဖြစ်ပေမယ့် ကိုရိုနာကူးစက်မှုတွေ မရှိခဲ့ကြောင်း၊ မူဆယ်ဆေးရုံမှာ ၂ လအတွင်း သံသယရှိလူနာ ၁၃ ဦးတက်ရောက်ကုသနေပြီး ဆေးစစ်ချက်မှာလည်း  ရော ဂါပိုးမရှိကြောင်း အဖြေထွက်ခဲ့တယ်လို့လည်း ဦးသောင်းထွန်းက ပြောပါတယ် ။ ဒါပေမယ့်  တာဝန်ရှိသူတွေကတော့ နယ်စပ်ဂိတ်တွေမှာ ကိုယ်အပူချိန်တိုင်းတာ၊ မြို့ထဲမှာ ပိုးသတ်ဆေးဖျန်းတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ဟန့်တားရေး ပညာပေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း  ဦးသောင်းထွန်းက ပြောပါတယ်။  မူဆယ်ခရိုင် စီးပွားရေးဇုန်နဲ့ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုတွေကတော့ ကိုဗစ်-၁၉ ရောဂါ ဂယက်ရိုက်ခဲ့တဲ့အချိန်ကစပြီး ကျဆင်းနေတယ်လို့  မူဆယ်ဒေသခံတွေက ပြောပါတယ်။ 
3 years Ago
Up