ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မူဆယ်နယ်စပ် လူဝင် လူထွက်ဂိတ်တွေ မဖွင့်သေးပေမဲ့ လူပွဲစားတွေနဲ့ လူကုန်ကူးသူတွေရဲ့ လိမ်လည်မှုပြဿနာကို ဇန်နဝါရီ ၁၆ ရက်က စတင်ကြုံတွေ့ ဖြေရှင်းနေရကြောင်း နယ်စပ် လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ရွှေလီက ရွှေမြန်မာအွန်လိုင်း အရေးပေါ်ကျန်းမာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က “လူပွဲစားတွေနဲ့ လူကုန်ကူးတွေနဲ့ ဂိတ်ကမဖွင့်သေးဘူး၊ ပြဿနာက တက်နေပြီ အခု” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူပွဲစားလုပ်သူက တရုတ်ဘက်ထဲ ဝင်လို့ရပြီဖြစ်ကြောင်း၊ အလုပ်သွားရောက် လုပ်ကိုင်လို့ရပြီ ဖြစ်ကြောင်း၊ အလုပ်ချိတ်ဆက် ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဝောာင်တွင်းကြီးဘက်က ၁၀ ယောက်ကျော်ကို တယောက် ငွေ ၁၀ သိန်းကျော်နဲ့ လိမ်လည်ခေါ်ဆောင်လာကာ မူဆယ်အရောက်မှာတော့ ဂိတ်တွေက လူဝင်လူထွက် မရသေးတာကြောင့် မူဆယ်မှာ သောင်တင် ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။
လူဝင် လူထွက် နယ်စပ်ဂိတ်တွေ မဖွင့်သေးပေမဲ့ မြန်မာပြည်မှာ ဘက်ပေါင်းစုံက အဆင်မပြေမှုတွေများတဲ့အတွက် အလုပ်ထွက်လုပ်ချင်တာကြောင့် တရုတ်ဘက်ကို တယောက်ကို ၁၂ သိန်း ပေးပြီး မူဆယ်မှာ ရောက်နေကြတာလို့ သူက ရှင်းပြပါတယ်။
“မူဆယ်မှာ ရောက်ပြီ။ ပြဿနာတွေ တက်နေကြတာ။ ဝင်လို့ကမရ” လို့ လက်ရှိ ကူညီပေးနေသူက ပြောပါတယ်။
လိမ်လည်ခေါ်လာခံရတဲ့သူတွေက တောင်တွင်းကြီးဘက်ကဖြစ်ပြီး အဖွဲ့ ၂ ဖွဲ့ဖြစ်ကာ အိမ်ပေါင်၊ ခြံပေါင်၊ အတိုးပေး ချေးငွေတွေနဲ့ တက်လာကြတာဖြစ်ပြီး တယောက်ကို ၁၀ သိန်း၊ ၁၂ သိန်း အိမ်ပေါင် ခြံပေါင်တွေနဲ့ တက်လာကြတာလို့ ဆိုပါတယ်။
“ပထမဆုံးအဖွဲ့က ၁၀ သိန်းစီတဲ့။ နောက်တဖွဲ့က ၁၂ သိန်းစီတောင် ပေးရတာလို့ပြောတယ်။ ရောက်လာတယ်ဗျာ မိန်းကလေးတွေရော” လို့ သူက ရှင်းပြပါတယ်။
တရုတ်ဘက် နယ်စပ်ဒေသမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ဗီဇာမလိုတဲ့အပြင် ငွေကြေး အများကြီးကျခံစရာမလိုပဲ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် အနီ (Border Pass - BP) စာအုပ်ရှိရုံနဲ့တင် တရုတ်ဘက်က အလုပ်လုပ်ခွင့် ပေးထားတာပါ။
လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ မိသားစု ဝင်ငွေအခက်အခဲကြောင့် တရုတ်နယ်စပ် လူဝင် လူထွက် ဂိတ်တွေ ဖွင့်လှစ်လိုက်ပါက လူကုန်ကူးခံရဖို့ အခြေအနေ များနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံထဲရောက်နေတဲ့ မြန်မာလူငယ် အမျိုးသမီးတဦးကတော့ မြန်မာနိုင်ငံက ကိုယ့်မိသားစု အခက်အခဲကြောင့် တရုတ်ပြည်မထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရောင်းစားနေရတဲ့ မြန်မာအမျိုးသမီး အများအပြားရှိတယ်လို့ ပြောပါတယ်။
“တချို့က ပိုက်ဆံလိုလို့ကို လက်ထပ်တာ။ အိမ်ပို့ဖို့လေ” လို့ သူကပြောပါတယ်။
အဲလို ကိုယ့်ကိုယ်ကို ပြန်ရောင်းရင် တရုတ်ယွမ်ငွေ ၁၈၀,၀၀၀ ဝန်းကျင်ရပြီး အိမ်ရှင်တွေက အဲဒီထဲက ပွဲစားခနုတ်ပြီး ပေးတာလို့ ဆိုပါတယ်။
အဲဒီလို အရောင်းစားခံဖို့က အလုပ်လုပ်ရင်း နည်းနည်းကျွမ်းလာပြီဆိုရင် တရုတ်ကောင်လေးနဲ့ ရည်းစားထားပြီးမှ ယူဖို့လုပ်ရတာလို့ ဆိုပါတယ်။
တရုတ်ထဲမှာ အဲဒီလို အခြေအနေတွေ ကျွမ်းကျင်သွားတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကိုယ့်နိုင်ငံသားအချင်းချင်း လူပွဲစား ပြန်လုပ်နေကြတာ တွေ့ရပါတယ်။
တရုတ်ဘက်ထဲ လူကုန်ကူးလို့ရသလို မူဆယ် နယ်စပ်မြို့မှာလည်း ကျာဖြန် ဆိုတဲ့ တရားမဝင် လိမ်လည်တဲ့ တရုတ်ကုမ္ပဏီ လုပ်ငန်းရှင်တွေကတော့ လုပ်ငန်းနေရာ ရွှေ့ပြောင်းချင်တာ ဖြစ်ဖြစ်၊ လုပ်ငန်းရှင်သူဌေးတွေက လောင်းကစားကြောင့် ရှုံးသွားရင်ဖြစ်ဖြစ် သူတို့ရဲ့ အလုပ်သမားတွေကို တယောက် တရုတ်ငွေ ယွမ် ၇၀,၀၀၀ နဲ့ ပြန်ရောင်းကြတယ်လို့ တရုတ်ကုမ္ပဏီတခုမှာ ထမင်းဟင်းချက် အလုပ်လုပ်နေတဲ့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံသားတဦး မြန်မာဘက်ထဲအရောက် တဦးကို တရုတ်ယွမ်ငွေ ၁၀ သိန်း ပေါက်ဈေးရှိတယ်လို့ တရုတ်ဘက်ထဲ လူပို့နေတဲ့ အမျိုးသားတဦးဆီက သိရပါတယ်။
တရုတ်ဘက်တော့ ဘယ်လိုမှ ခိုးဝင်၊ ခိုးပို့တာတွေ မရပေမဲ့ မြန်မာဘက်ထဲတော့ လူမှောင်ခိုလုပ်သူတွေနဲ့ ဒေသခံ အာဏာပိုင်တွေ ပူးပေါင်းပြီး တရုတ်ဘက်က လောင်းကစားနဲ့ ကျာဖျန် လိမ်လည်လုပ်ငန်းလုပ်မယ့်သူတွေကို မှောင်ခို ခိုးသွင်းနေကြတာတွေ ရှိနေတာ ဖြစ်ပါတယ်။
နှစ်ဖက် နယ်စပ် ပြည်သူတွေနဲ့ နယ်စပ်ကုန်သည်တွေက နှစ်နိုင်ငံ ဂိတ်တံခါးပေါက်တွေ အမြန်ဆုံး ဖွင့်စေချင်တာ မှန်ပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေအနေနဲ့ မြန်မာနိုင်ငံဘက်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမဖြစ်အောင် အများကြီး ညှိနှိုင်းစိစစ်သင့်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ တရုတ်နိုင်ငံကို ကုန်တင်ပို့ဖို့ တန်းစီ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားသမားတွေ ရက်ကြာလာတာနဲ့အမျှ စရိတ်ပြတ်ပြီး အစားအသောက် အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။
ကုမ္ပဏီနဲ့ ကုန်သည်အများစုကလည်း ဖုန်းမကိုင်တာနဲ့ ဖုန်းပိတ်ပစ်ကာ အဆက်အသွယ် ဖြတ်တောက်ထားတာကြောင့် စရိတ်တွေပြတ်ပြီး အခက်အခဲ ကြုံနေရတယ်လို့ လက်ရှိ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်လမ်းကြောဘက်မှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ကိုသီဟက ပြောပါတယ်။
“ကျနော့် ကုန်သည်က တပတ်စောင့်ခိုင်းတယ်။ အပြင်ချဖို့ ၁၀ ရက်စောင့်တယ်။ ဖုန်းဆက်တော့ block ထားတယ်။ ဘယ်ဖုန်းနဲ့ ဆက်ဆက်ဗျာ။"
ကိုဗစ်-၁၉ ရောဂါကြောင့် ဈေးသည်တွေ လာလို့မရသလို ရွာတွေကလည်း ပိတ်ထားပြီး အဝင်မခံတာကြောင့် ဝယ်ယူလို့မရ ဖြစ်နေကြတဲ့အပြင် kbz pay နဲ့ wave money မှာလည်း ငွေထုတ်ယူလို့ မရတာကြာင့် စားရေးသောက်ရေး လုံး၀ အဆင်မပြေဖြစ်လို့ ၁၀၅ မိုင်အနီးထိ ပြန်လှည့်လာခဲ့ရတယ်လို့ ကျင်စန်းကျော့-ဝမ်တိန်လမ်းကြောဘက် ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ကိုထွန်းမင်းစိုးက ပြောပါတယ်။
“၂ လ ကျော်ပြီ။ ခေါက်ကြေး တခေါက်စာတောင် မရကြသေးဘူး။ ကားသမား မိသားစုတွေ ဆိုတာ လျှာပေါ်မြက်ပေါက်နေရောပေါ့။”
ထမင်းဖိုးပေးတဲ့ အုံနာတွေက ဂိတ်မပိတ်လည်း တနေ့ ထမင်းဖိုး ၆၀၀၀ ကလွဲရင် ခေါက်ကြေးက တခေါက်ပြည့်မှ တခေါက်စာ ပေးတာကြောင့် ခေါက်ကြေးစား ကားသမားတွေ ပိုပြီး အခက်အခဲကြုံနေတယ်လို့ ဆိုပါတယ်။
တချို့ကုန်သည်က ကုန်ချထားခိုင်းပေမယ့် တရုတ်ဘက်က ဂိတ်ပြန်ဖွင့်ပြီး ကုန်အထဲရောက်မှ ပိုက်ဆံအပြည့်ရှင်းမှာ ဖြစ်တာကြောင့် စရိတ်က အရှုံးပေါ်နေပြီလို့ ယာဉ်မောင်း နောက်တဦးက ပြောပါတယ်။
စားဝတ်နေရေး အခက်အခဲသာမက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှာလည်း ယာဉ်မောင်းတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်မောင်း တစ်ဦးက "ကားဝင်ဖို့ တန်းစီလာတာ ၂ လ နီးပါးရှိနေပြီ။ ပဲတီစိမ်း အိတ်ရေ ၃၅၀ ပါတယ်။ တစ်အိတ်ကို တစ်သောင်းနှင့် ရောင်းရင်တောင် ၃၅ သိန်း ရမယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ရောဂါ ကပ်ဆိုး ဆိုက်နေတဲ့အချိန် အဲလို မညစ်ပတ် ချင်ဘူး။"
မြန်မာဘက်မှာ တန်းစီပိတ်မိနေတဲ့ ကုန်တင်ကားတွေ များနေတာကြောင့် မြန်မာကုန်သည်တွေ နဲ့တောင်သူတွေ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ထပ်ရှိဦးမှာဖြစ်တယ်လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။
ကိုဗစ်-၁၉ အခြေအနေကြောင့် မြန်မာ - တရုတ် အဓိက ကုန်သွယ်နေတဲ့ ကျင်စန်းကျော့နဲ့ ကြူကုတ်(ပန်ဆိုင်း) နှစ်နိုင်ငံ နယ်စပ် ဝင်၊ထွက် ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့ နေ့ခင်းပိုင်းမှာ တရုတ်ဘက်က လုံးဝ ပိတ်လိုက်ပါတယ်။
ဒါ့ကြောင့် တရုတ်ဘက်ကို ကုန်တင်ပို့မယ့် ကုန်တင်ကား ၃၀၀၀ ကျော် မြန်မာဘက်ခြမ်းမှာ ပိတ်မိနေပြီး တရုတ်ဘက် ဝမ်တိန်ထဲမှာလည်း မြန်မာကုန်တင်ကားတွေ ရာချီ ပိတ်မိနေပါတယ်။
Photo Crd# ကုန်တင်ယာဉ်မောင်းများ