ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်ရှိ မူလတန်းကျောင်းတကျောင်းမှာ မေ ၃ ရက် မနက်က ယောက်ျားလေးတဦး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကျောင်းသား ၈ ဦးနဲ့ လုံခြုံရေးအစောင့် ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဆားဘီးယားသတင်းဌာန Tanjug က ဖော်ပြခဲ့ပါတယ်။
အစောပိုင်းတုန်းက မီဒီယာတွေမှာ လုံခြုံရေးအစောင့် ၁ ဦး သေဆုံးပြီး ကလေး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဆရာမတဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကုသမှု ခံယူနေရကြောင်း Tanjug က ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှု ဆက်လက်မြင့်မားနေတာကြောင့် နိုဝင်ဘာ ၅ ရက်ကစပြီး မူလတန်းကျောင်းတွေကို ပိတ်ထားမှာဖြစ်ကြောင်း ဒေသန္တရအစိုးရက ပြောပါတယ်။
လမ်းအသွားအလာ ကန့်သတ်ချက်တွေကိုလည်း ထည့်စဉ်းစားမှာဖြစ်ကြောင်း ဒေလီဝန်ကြီးချုပ် Arvind Kejriwal က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ဗဟိုညစ်ညမ်းမှုထိန်းချုပ်ရေးဘုတ်အဖွဲ့ဆီက အချက်အလက်တွေအရ စောင့်ကြည့်ရေးစခန်း အများစုထဲမှာ လေထုအရည်အသွေးပြ ညွှန်းကိန်းဟာ ပြင်းထန်အဆင့်နဲ့ အန္တရာယ်ရှိတဲ့ အဆင့်ထဲ ကျရောက်လာတာကြောင့် ဒေသခံတွေဟာ အသက်ရှုကြပ်တာနဲ့ မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ယားယံတာတွေ ခံစားရကြောင်း စောဒက တက်လာကြပြီးနောက်မှာ ဒေလီရှိ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို ကျောင်းကိုပို့ရမယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။
စိတ်ပူနေကြတဲ့ မိဘတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဆိုရှယ်မီဒီယာပေါ် တင်လိုက်ပြီး ကလေးတွေအပေါ် လေထုညစ်ညမ်းမှုရဲ့ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပြီးနောက်မှာ ကျောင်းတွေကိုပိတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။