close

မူလတန်း

close

February 4, 2023

NUG ပညာရေးဝန်ကြီးဌာနက မူလတန်း ဆရာအတတ်ပညာသင်တန်းသား ခေါ်ယူ

မူလတန်း ဆရာအတတ်ပညာသင်တန်း  (PTC)တက်ရောက်လိုတဲ့  သင်တန်းသားတွေကို  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖေဖော်ဝါရီ ၃ ရက်မှာ စတင်လျှောက်လွှာ ခေါ်ယူနေပါတယ်။

စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နေတဲ့ ပြည်သူတွေ ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေဖို့နဲ့ ဆရာအင်အား ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာလို့ ဆိုပါတယ်။

အခုဖွင့်လှစ်မယ့်သင်တန်းဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ်  သင်တန်းအပတ်စဉ် (၁) ကနေ (၇) အထိ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာတော့  ၂၀၂၃ မတ်လ ၆ ရက်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်အထိ သင်တန်း အပတ်စဥ် ၄ ခုအဖြစ် ဖွင့်လှစ်ပို့ချမှာပါ။

အပတ်စဥ် တခုစီရဲ့ သင်တန်းကာလကတော့ ၃ လဖြစ်ပြီး သင်တန်းသား အယောက် ၂၅၀ စီ  လက်ခံခေါ်ယူမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

သင်တန်းလျှောက်ထားမယ့်သူဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စစ်ကောင်စီရဲ့ ယန္တယားတွေမှာ ပါဝင်ပတ်သက်မှု လုံးဝမရှိသူဖြစ်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူတွေသာ လျှောက်ထားရမှာပါ။

သတ်မှတ်ထားတဲ့ စံနှုန်းပြည့်မီပါက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် (Completion Certificate) ကို တပါတည်းပေးအပ်မှာ ဖြစ်တယ်လို့သိရပါတယ်။

ကြားကာလပညာသင်ကြားရေးကို အကောင်အထည်ဖော်နေတဲ့ Federal Schools တွေ၊  မြေပြင် သင်ကြားရေးကျောင်းတွေ၊  တိုင်းရင်းသားဒေသက ကျောင်းတွေမှာ  စေတနာ့ဝန်ထမ်းဆရာအနေနဲ့ ဆောင်ရွက်နေသူတွေကို ဦးစားပေးရွေးချယ်မှာဖြစ်ပြီး ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်က ကျောင်းသားကျောင်းသူတွေအနေနဲ့ အခုသင်တန်းကို လျှောက်ထားစရာမလိုဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

9 mins Ago

June 2, 2020

စင်ကာပူတွင် မူလတန်းနှင့်  အထက်တန်းကျောင်းများ ပြန်ဖွင့်လှစ်

စင်ကာပူမှာ နှစ်လနီးပါး အသွားအလာကန့်သတ်မှု လော့ဒေါင်းချခဲ့ပြီးနောက်  ဇွန်လ  ၂  ရက်မှာ ကလေးငယ်တွေ ကျောင်းပြန်တက်နေကြပါတယ်။ ကျောင်းသားတွေဟာ ကိုယ်ပူချိန် အစစ်ခံရတာ၊ နှာခေါင်းစည်း တပ်တာနဲ့ လက်သန့်ဆေးရည် အရန်သင့် ဆောင်ထားရပါတယ်။  ကျောင်းလွှတ်ချိန်ကို  တစ်ချိန်နဲ့ တစ်ချိန် လွှဲထားပြီး  ကျောင်းစားသောက်ဆောင်မှာလည်း ကလေးငယ်တွေဟာ  ခပ်ခွာခွာ အနေအထားနဲ့ ထိုင်ရမယ်လို့ ကျောင်းဝန်ထမ်းတွေက ဆိုပါတယ်။  သူငယ်တန်း၊ မူလတန်းနဲ့ အထက်တန်းကျောင်းသားတွေ ကျောင်းပြန်တက်ပေမယ့်  တက္ကသိုလ် ကျောင်းသားတွေကိုတော့ အွန်လိုင်းကနေ ဆက်သင်သွားမယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနိုင်ငံတွေထဲ့ တစ်နိုင်ငံ ဖြစ်တဲ့ စင်ကာပူမှာ   ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ဖြေလျှော့သွားမယ်လို့ အစိုးရက ပြောထားပါတယ်။  စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၅၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၄ ယောက် ရှိပါတယ်။ ကူးစက်သူအများစုဟာ  အဆောင်မှာ နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေက ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
3 years Ago
Up