close

မူလွန်ကျောင်းဆောင်

close

January 21, 2022

ခမီလူမျိုးများအတွက် မူလွန်ကျောင်းဆောင်အသစ်လိုအပ်နေ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘဲငါးရာကျေးရွာအုပ်စု မြို့ရွာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှာ ကျောင်းဆောင်ပြိုပျက်နေလို့ အသစ်ဆောက်လုပ်ဖို့ အကူအညီ လိုအပ်နေပါတယ်။

အဆိုပါမူလွန်းကျောင်းမှာ ကျောင်းဆောင်ပြိုကျ၊ ဝါးကြမ်းခင်းတွေပေါက်ပြဲနေလို့ စာသင်နေကြတဲ့ ကျောင်းသား/သူတွေအတွက်  အန္တရာယ်ဖြစ်မှာကို  မိသားစုတွေ စိုးရိမ်နေကြတာပါ။

ကျောင်းသားမိ ကိုမောင်မောင်ရွှေက ''အစိုးရဆီကဆောက်ပေးမယ့် အုတ်ကျောင်းလိုချင်ပါတယ်။ အခုဒီကျောင်းက အရမ်းအန္တရာယ်များပါတယ်။ ကျောင်းသား/ ကျောင်းသူတွေရော့  ကျနော်တို့ မိဘတွေပါ စိုးရိမ်နေကြရပါတယ်။''လို့ ပြောပါတယ်။

အဆိုပါကျောင်းမှာ ကျောင်းသား/ ကျောင်းသူ ၁၀၀ နီးပါး တက်ရောက်သင်ကြားနေပြီး ဆရာ/ဆရာမ ၅ ယောက်က သင်ကြားပေးနေကာ ကျောင်းဆောင်နေရာမလုံ လောက်လို့ ကျောင်းသား/သူတချို့ မြေပြင်မှာဖြစ်သလိုသင်ယူနေရကြရသူတာလည်း ရှိပါတယ်။ 

ကျောင်းသားမိဘ ကိုမောင်ရွှေညွန့်က  ''ရွာကစာသင်ကျောင်းက အဆင်မပြေပါဘူး။ ဝါးကြမ်းခင်းနဲ့ဆိုတော့။ အန္တရာယ်များပါတယ်။''လို့ ပြောပါတယ်။

ဒီကျောင်းကို အသစ်ဆောက်လုပ်ဖို့ ပြည်နယ်ပညာရေးမှူးရုံးသို့ အကြိမ်ကြိမ်တင်ပြထားပေမဲ့ ခုထိအကြောင်းတစ်စုံတစ်ရာပြန်ကြားလာခြင်းမရှိဘူးလို့ ကျေးရွာတာဝန်ရှိသူ‌တွေက ရှင်းပြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းသာခိုင်က  ‘’ အခုလိုအပ်နေတာက စာသင်ကျောင်းပါ။ကျောင်းက ကြမ်းခင်းတွေပေါက်ပြဲနေတော့ ခြေထောက်ကျွံကျတာတွေလည်းဖြစ်ကြပါတယ်။''လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မူလတန်းကျောင်းတချို့ကို နိပွန်ဖောင်ဒေရှင်းက ဆောက်လုပ်လှူဒါန်းပေးဖူးပြီး နောက်ထပ် အလယ်တန်းကျောင်းတွေအထိ ဆောက် လုပ်လှူဒါန်းပေးဖို့ရှိတယ်လို့  နိပွန်ဖောင်းဒေရှင်းမှာ ဥက္ကဋ္ဌ ဆာဆာကာဝါက ပြီးခဲ့တဲ့ ရခိုင်ခရီးစဥ်မှာ ပြောပါတယ်။

ကျောင်းအုပ်ကြီး ဦးစိန်အောင်က ''ပြည်နယ်ပညာရေးမှူးရုံးကို စာရေးလျှောက်ထားဖူးပါတ ယ်။ ခုထိတစ်စုံတစ်ရာ အကြောင်းပြန်လာတာမရှိသေးပါဘူး။'' လို့ MPA ကို ပြောပါတယ်။

မြို့ရွာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်းမှာ မူလတန်းမှ ခြောက်တန်းအထိကျောင်းသား/ ကျောင်းသူတွေပညာသင်ကြားနေပြီး ကျန်အတန်းတွေကို  ရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ဖောင်ဆိပ်သို့ ယာယီဝါးတံတားတွေကိုကျော်ဖြတ်ကာ အန္တရာယ်ကြားက ကျောင်းသားတွေ သွားရောက် ပညာသင်ယူနေကြရပါတယ်။

အဆိုပါကျေးရွာမှာ ခမီလူမျိုးတွေထိုင်ပြီး ဘဲငါးရာကျေးရွာအုပ်စုထဲပါဝင်ကာ ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းအနီး တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝေးလံခေါင်းပါးပြီးသွားလာရေးခက်ခဲတဲ့ ဒေသတွေ လူနည်းစုဒေသတွေမှာ မူလတန်းစာသင်ကျောင်းအများစု အသစ်ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photo- Kaung Mrat Naing / MPA

57 seconds Ago
Up