close

မူးယစ်ဆေးဝါးနှိမ်နင်းမှု

close

January 27, 2023

ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးနှိမ်နင်းခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရန် အိုင်စီစီ အမှုပြန်ဖွင့်

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးနှိမ်နှင်းခဲ့မှုနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) က အမှုပြန်ဖွင့်လိုက်တဲ့အတွက်  ဒီအမှုစုံစမ်းစစ်ဆေးနိုင်ရေးမှာပူးပေါင်းပါဝင်မယ်လို့  ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ရိုနလ်ဒို ဒီလာရိုဆာက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

ဘာတိုလို့ သိကြတဲ့ လွှတ်တော်အမတ် ဒီလာရိုဆာဟာ ဖိလစ်ပိုင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုကို ကြီးကြပ်ခဲ့တဲ့ ရဲအရာရှိဟောင်းလည်း ဖြစ်ပါတယ်။

သူဟာ အစိုးရရဲ့ အစိတ်အပိုင်းတခု ဖြစ်တာကြောင့် ဒီစုံစမ်းရေးမှာ ဖိလစ်ပိုင်အစိုးရက ပါဝင်ဆောင်ရွက်မယ်ဆိုရင် သူလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ANC News ရုပ်သံကို ပြောကြားခဲ့တာပါ။

အိုင်စီစီ တရားသူကြီးတွေဟာ စုံစမ်းစစ်ဆေးမှုကို ပြန်ဖွင့်ဖို့ သူ့အစိုးရရှေ့နေရဲ့ တောင်းဆိုမှုကို ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုခဲ့တာပါ။

အိုင်စီစီဟာ မနီလာအစိုးရရဲ့ တောင်းဆိုချက်အရ ဖိလစ်ပိုင်က မူးယစ်စစ်ပွဲ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ သံသယရှိတဲ့ တခြားအမှုတွေကို စုံစမ်းစစ်ဆေးရေး ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ရပ်ဆိုင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံဟာ သူ့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေကို အကောင်အထည်ဖော်နေတယ်လို့ ပြောကြားလာခဲ့ပြီးနောက်မှာ အဲဒီအမှုတွေကို ပြန်စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲမှာ အများအားဖြင့် အသိမိတ်ဆွေလောက်သာ ရောင်းချကြတဲ့ အသေးစား ဆေးရောင်းသမားတွေ အပါအဝင် လူပေါင်း ၆,၂၀၀ ကျော် သေဆုံးမှုအတွက် အပြစ်တင်ခံနေရတာပါ။

ဒူတာတေးက အိုင်စီစီဟာ သူ့နိုင်ငံရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

သမ္မတ ဖာဒီနန်မားကို့စ်နဲ့ တရားရေးဝန်ကြီးဌာနရုံးတို့က ဒီကိစ္စချက်ချင်း မှတ်ချက်ပေးတာ မရှိခဲ့ပါဘူး။

မားကို့စ်က သူဟာ အိုင်စီစီနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိကြောင်း သြဂုတ်လတုန်းက ပြောခဲ့ပါတယ်။

3 mins Ago
Up