close

မူးယစ်ဆေးဝါးများ

close

April 23, 2023

သာစည်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ထဲမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းကို ရှောင်ကွင်းပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်မယ်ဆိုတဲ့ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက စောင့်ဖမ်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာကနေ တောင်ဂွကျေးရွာသွားလမ်းမှာ ဝေဠုသုတ မောင်းနှင်ပြီး သူရအောင် လိုက်ပါလာတဲ့ NISSAN CABSTAR မော်တော်ယာဉ်ကိုရှာဖွေရာမှာ ကားပေါ်မှာ ပုလင်းခွံအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း ၁၀ ကီလိုနဲ့ စိတ်ပြောင်းဆေးဝါး(Happy water) ၄ ဒသမ ၁၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကာလဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၁ သိန်းကျော် ရှိပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်တောင်ပိုင်းကနေ မန္တလေးတိုင်းကိုသယ်ဆောင်လာတာလို့ သိရပြီး ကွင်းဆက်တွေကိုလည်း စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

6 hours Ago

November 10, 2020

နောင်ချိုတွင် ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့  မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးမှာ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။ သီပေါမြို့ဘက်မှ မန္တလေးမြို့ဘက် ညီညီထွန်း မောင်းနှင်လာတဲ့ HYUNDAI PORTER II အမျိုးအစား မော်တော်ယာဉ်ပေါ်ကနေ ဖွဲနုအိတ်တွေအတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ကျပ်သိန်း ၁၄၀၀ လောက်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀ ပြား၊ ဆပ်ပြာခွက်တွေနဲ့ထည့်ထားတဲ့ ကျပ် ၁၁၈၈ သိန်း တန်ဖိုးရှိ  ဘိန်းဖြူအလေးချိန် ၇.၉၂ ကီလို၊ မြန်မာငွေကျပ် ၁.၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ် စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up