close

မူးယစ်ဆေးအဖွဲ့

close

January 12, 2022

ရွှေတြိဂံဒေသတွင် ထိုင်းစစ်တပ်နှင့် မူးယစ်သယ်အဖွဲ့ ပစ်ခတ်၊ အိုက်စီနှင့်စိတ်ကြွဆေးများ ဖမ်းမိ

ထိုင်း၊ မြန်မာ၊ လော ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသမှာ မနေ့ညက ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး ထိုင်းစစ်တပ်ဘက်က စိတ်ကြွဆေးပြား ၁၂ သိန်း၊ အိုက်စ် ၂ ကီလိုနဲ့ ခေတာမင်း ၈၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ Maesai Press သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် အမှတ် ၃ စစ်ဒေသလက်အောက်ခံတပ်ဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ညက ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ် ဘန့်ဆွ ပ်ဟုတ်ကျေးရွာအနီး မယ်ဟုတ်ချောင်းတလျှောက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ည ၁၁ နာရီ လောက် မြန်မာဘက်ခြမ်းကုန်းအစွယ်ဘက်ကနေ ထိုင်းဘက်ဝင်လာတဲ့ လူတစ်စုကို တွေ့ရ ကြောင်း၊ သူတို့မှာ အထုတ်ကိုယ်စီနဲ့ လက်နက်တွေပါကိုင်ဆောင်လာလို့ စစ်ဆေးဖို့ အချက်ပေးလိုက်ရာမှာ တဘက်က အချက်ပေါင်းများစွာ စပစ်လို့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုရှိ ခဲ့တယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အသံတွေငြိမ်သွားပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာတော့ မြွေရေခွံအိတ်တွေထဲ ထည့်ထားတဲ့  စိတ်ကြွဆေးပြား  တံဆိပ်မျိုးစုံ ၁၂ သိန်း၊ အိုက်စ်ရေခဲမူးယစ်ဆေး ၂ ကီလိုဂရမ်၊ ခေတာမင်းမူးယစ်ဆေး အလေးချိန် ၈၀ ကီလိုဂရမ်၊ ပြောင်းရှည်သေနတ် ၁ လက်၊ အမ်-၁၆ ၁ လက်နဲ့ ကျည်ကပ်တွေပါသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

မူးယစ်ဆေးသယ်ဆောင်ရာလမ်းကြောင်းကို သိရဖို့နဲ့ နောက်ထပ်သယ်ဆောင်လာမှာတွေကို ကာကွယ်ဖို့အတွက် အနီးနားတဝိုက်က စီစီကင်မရာတွေ ဆက်လက်စစ်ဆေးနေကြောင်း အမှတ် ၃ စစ်ဒေသတပ်မမှူး ဗိုလ်မှူးကြီး နရစ်ထဝွန်းဝုန်းက သတင်းထောက်တွေကိုပြောပါတယ်။

1 min Ago
Up