close

မူးယစ်မှောင်ခိုမှု

close

March 11, 2022

ဟွန်ဒူးရပ်စ်ရဲချုပ်ဟောင်း မူးယစ်မှောင်ခိုမှုဖြင့် ဖမ်းဆီးခံရ

ဟွန်ဒူးရပ်စ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရဲချုပ်ဟောင်းကို မတ်လ ၉ ရက်က ဖမ်းဆီးလိုက်ပါတယ်။

မူးယစ်မှောင်ခိုမှု စွဲချက်တွေနဲ့ အမေရိကန် အစိုးရက လိုချင်နေလို့ ဝရမ်းထုတ်အပြီး လအတော်ကြာ ထွက်ပြေးနေရာက အဖမ်းခံရတာလို့ တရားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

ဟွမ်ကာလို့စ်အယ်လ်တီဂရေဘိုနီလာဟာ လက်ယာယိမ်းသမ္မတ ပေါ်ဖီရီယို လိုဘို အစိုးရလက်ထက် ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်ကြားမှာ ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ရဲချုပ် ဖြစ်ခဲ့တာပါ။

သူ့ကို မြို့တော် တေဂူစီဂယ်ပါနားမှာ ကားမောင်းနေတုန်း ဖမ်းမိတာလို့ ဟွန်ဒူးရပ်စ် အာဏာပိုင်တွေက ပြောပါတယ်။

"ဒီနေ့ သူ့ကို အထူးရဲတပ်ဖွဲ့ ဌာနချုပ်ဆီ လွှဲပေးလိုက်ပြီ။ မနက်ဖြန် သူ့ကို တရားရုံးတင်မယ်" လို့ ဟွန်ဒူးရပ်စ် လုံခြုံရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

၂၀၂၀ ခုနှစ် ဧပြီလတည်းက သူ့ကို အမေရိကန်ဆီ ရာဇဝတ်သားအဖြစ် လွှဲပေးဖို့ အမေရိကန်အစိုးရ ရှေ့နေတွေက တောင်းဆိုထားပြီး ဘိုနီလာကတော့ အမေရိကန် အစိုးရရှေ့နေတွေရဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

သမ္မတဟောင်း လိုဘိုရဲ့သား ဖာဘီအို လိုဘိုကတော့ ၂၀၁၇ မှာ မူးယစ်ကုန်ကူးမှုအတွက် ထောင်ဒဏ် ၂၄ နှစ်ကျခံဖို့ နယူးယောက်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။

ဇန်နဝါရီလကမှ ရာထူးကဆင်းသွားတဲ့ သမ္မတဟောင်း ဟွမ် အော်လန်ဒိုဟာလည်း မူးယစ်ကုန်ကူးမှု စွဲချက်တွေနဲ့ အမေရိကန်နိုင်ငံဆီ ရာဇဝတ်သားအဖြစ် လွှဲပေးဖို့ တောင်းဆိုခံထားရပါတယ်။

14 mins Ago
Up