ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်တောင်ဘက် မောခီးစခန်းအနီးမှာ KNLA၊ KNDO DKBA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၁၆ ရက်မှာလည်း တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။
နှစ်သစ်သင်္ကြန်ကာလအတွင်း တိုက်ပွဲမရပ်ပဲ ကျူးကျော်လာတဲ့စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းအဖွဲ့က တွန်းလှန်တိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲမှာ ပါဝင်တဲ့ KNLA တာဝန်ရှိသူတဦးက ပြောပါ တယ်။
“စစ်ကောင်စီတပ်တွေ မောခီးစခန်းမှ အို့ကလေ့ခီးစခန်းသို့ ချီတက်လာတဦ အဲဒီည ထူးစခန်းအရောက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ကြပါတယ်။ တိုက်ပွဲမှဦ KNLA ပူးပေါင်းအဖွဲ့က အသာစီး နေရာယူထားတဲ့အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်တယ်။”
စစ်ကောင်စီတပ်သား ရုပ်အလောင်း ၂ လောင်းကိုလည်း ဒီနေ့မနက်က တွေ့ရှိခဲ့ပြီး ဒီရုပ်အလောင်းတွေဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်က ဖြစ်တဲ့တိုက်ပွဲမှာ ဒဏ်ရာရရှိပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ KNLA တပ်ဖွဲ့ဝင်က ခန့်မှန်းပါတယ်။
မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စတင်လိုက်တဲ့ စစ်ကောင်စီကျူးကျော်တိုက်ပွဲကြောင့် ဒေသတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ အခုအချိန်အထိ စစ်ရှောင်အဖြစ် နေရပ်မပြန်ရဲကြဘဲ တိမ်းရှောင်နေရဆဲပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း KNLA က သိမ်းပိုက်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့တောက်ဘက်ရှိ မောခီးစခန်းမှာ ဧပြီ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ပြန်လည်နေရာယူလိုက်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ မောခီးကျေးရွာမှာရှိတဲ့ မောခီးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တို့ ပူးပေါင်းပြီး မတ် ၂၁ ရက်နေ့မှာ သိမ်းဆည်းခဲ့တာပါ။
ဒီစခန်းကနေ KNLA နဲ့ ပူးပေါင်းတပ်တွေ ပြန်ထွက်သွားပြီးနောက်မှာ စစ်ကောင်စီတပ်တွေ မနေ့က ပြန်လည်နေရာဝင်ယူခဲ့တာလို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။
မောခီးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေထံကနေ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ အများအပြားကို KNLA တပ်တွေက သိမ်းဆည်းရမိခဲ့ပြီး ဗုံးခိုကျင်းတွေနဲ့ တပ်စခန်းအတွင်း နေစရာနေရာတွေကိုလည်း မီးရှို့ဖျက်ဆီးပြီးနောက် ပြန်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ဒီစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းချီ ကြိုးပမ်းနေရာမှာ ရှေ့ထွက်မိုင်းတွေ၊ စနိုက်ပါတွေနဲ့ ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ KNLA ဘက်က ပြောပါတယ်။
ဒါပေမဲ့ ဒီစခန်းသိမ်းပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုလည်း အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ် ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေကြရပါတယ်။