close

မောင်တူး

close

May 11, 2023

ချုပ်ကွက်

နိုင်ကွက်ကိုင်လျက်၊ 

အပိုင်နှက်

ချုပ်ကွက်မိသတည်း။      ။

မြန်မာက တရုတ်ကို ချုပ်ကွက်နဲ့နိုင်

အောင်လအန်ဆန်းက တရုတ်ဖိုက်တာကို အနိုင်ရခဲ့တယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖန်ရောင်းကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။ ဖန်ရောင်းက အောင်လကို လှဲချပြီး အနိုင်ယူဖို့ ကြိုးပမ်းပေမဲ့ အောင်လက ဖန်ရောင်းရဲ့လည်ပင်းကို အမြန်ချုပ်နိုင်ခဲ့တဲ့အတွက် အဲဒီ “ချုပ်ကွက်” အောက်မှာ ဖန်ရောင်းက အရှုံးပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ အောင်လက သူ မြန်မာပြည်က ဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ပြောသွားခဲ့ပါတယ်။

ဒါက ဘီဘီစီမြန်မာပိုင်း သတင်းပါ။ မြန်မာကစားသမားက တရုတ်ကစားသမားကို ချုပ်ကွက်နဲ့ နိုင်လိုက်တာ။

တရုတ်က မြန်မာကို ချုပ်ကွက်နဲ့နိုင်

တရုတ်နိုင်ငံက မြန်မာကို နိုင်နေတာ ၁၉၈၈ ကတည်းကပါ။ ၈၈၈၈ အရေးတော်ပုံကြီးအပြီး ကမ္ဘာ့အသိုင်းအဝိုင်းက ဆန်ရှင်တွေလုပ်တော့ နဝတ နအဖ စစ်အစိုးရဟာ တရားအားထုတ် တရုတ်အားထားခဲ့ကြရပေတာပါ့။ ၃၅ နှစ်ကြာပါပြီ။ စီးပွားရေးအရ၊ သံတမန်ရေးအရ (ဗီတိုသုံးကန့်ကွက်ပေးတာမျိုး) တရုတ်ဟာ မြန်မာစစ်အုပ်စုကို ကူပေးတယ်။ ဒီတော့ စစ်အာဏာရှင်တွေဟာလည်း တရုတ်ခိုင်းသမျှ ခေါင်းညိတ်ကြရတော့တယ်။ တရုတ်စီမံကိန်းတွေ၊ တရုတ်ပရောဂျက်၊ တရုတ်ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းတွေ မြန်မာပြည်မှာ လက်ညှိုးထိုးမလွဲပေါ့။ မြန်မာပြည်က အကျိုးအမြတ်နည်းနည်းပဲရ၊ တရုတ်က အများကြီးရ ရင်နာစရာပါ့။ တရုတ်က မြန်မာကို ချုပ်ကွက်ရှိတာကိုး။

စစ်အာဏာရှင်ချုပ်ကွက် နိုင်ငံရေးပျက်

မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီဦးဆောင်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေထဲက တချို့တချို့သောသူတွေဟာ နှစ်ပေါင်းများစွာ သူတို့မွေးလာတဲ့ကြက် တရက်တည်းမှာ ရိုက်သတ် ချက်စားလိုက်ကြတယ်။ ဒီလို ရိုက်သတ်ချက်စားထားတာ ဘယ့်ကလောက် ကြာခဲ့ကြပြီလည်းတော့ မသိပါ။ နွေဦးတော်လှန်ရေးမှာ ဖားလား ငါးလား ကွဲကွဲပြားပြား သိလာရတာပါ။ ဘုံရန်သူ စစ်တပ်ကို တပ်ပေါင်းစုနဲ့ ညီညီညာညာ ဝိုင်းတိုက်ကြပါမယ်လို့ ကတိတွေ အကြိမ်ကြိမ် ရှိခဲ့ကြပြီးသားလေ။ သို့သော် ဒီနွေဦး ပွဲမှာတော့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ အယူဝါဒစုံ၊ ကိုးကွယ်ရာမတူ ဘာသာဝင်အသီးသီးက နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေချိန်မှာ သူတို့တတွေ မပါလာကြတော့ဘူး။ တချို့က တသီးပုဂ္ဂလပုံစံနဲ့၊ တချို့က အဖွဲ့လိုက်၊ တချို့က ခွဲထွက်ပြီး စစ်ဘောကို မသိမသာတမျိုး သိသိသာသာတမျိုးနဲ့တောင် မ နေကြပြီ။ ဒါတွေ ဖြစ်ရတာကလည်း ချုပ်ကွက်ပါပဲ။ စစ်အာဏာရှင်ချုပ်ကွက်၊ စစ်ကောင်စီချုပ်ကွက်။

စီးပွားရေးချုပ်ကွက် လောဘတက် အပျက်အပျက် နှာခေါင်းသွေးထွက်

တချိန်က လူမျိုးစုအရေး၊ ဒီမိုကရေစီအရေး၊ ကျောင်းသားအရေး၊ ဝါဒအရေး၊ ဘာသာရေး ရဲရဲတောက် သူရဲကောင်း ခေါင်းဆောင်များဟာ အခုတော့ စစ်တပ်ကပေးတဲ့ စီးပွားရေးလုပ်ခွင့်၊ လမ်းပရောဂျက်ပါမစ်၊ တံတားပရောဂျက်ပါမစ်၊ ကားပါမစ်၊ တိုက်ခန်း၊ အိမ်ရာ၊ မြေကွက်၊ ငွေကြေးအထောက်အပံ့၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကြား နွံနစ်သလို နစ်နေကြတာ သိသူတွေ သိကြပါရဲ့။ မသိသူများ လေ့လာထားကြပါ။ စစ်အာဏာရှင်ရဲ့ စီးပွားရေးချုပ်ကွက် သူတို့အကုန်ပျက်။ ဒါကြောင့် ကွယ်လွန်သူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြက ပြောခဲ့တာပေါ့။ “ရန်သူနဲ့ စေ့စပ်ဆွေးနွေးထားတဲ့သူတွေဟာ ဝှေးသင်းထားတဲ့ နွားသိုးတွေလိုပဲ။ မျိုးလည်းမပွားတော့ဘူး၊ ဝှေ့လည်း မဝှေ့တော့ဘူး၊ ရုန်းလည်း မရုန်းတော့ဘူး။ ဝတော့ ဝလာတယ်။” ဆိုတာလေ။ စစ်အုပ်စုရဲ့ စီးပွားရေးချုပ်ကွက်။ နွားသိုးဝှေးသင်း ချုပ်ကွက်။

ကိုယ်တွေ့ချုပ်ကွက် ရင်ဖွင့်ချက်များ

မန္တလေး မစိုးရိမ်တိုက်သစ် အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ ပျံလွန်တော်မမူခင်က ဖူးတွေ့ဖူးတယ်။ အဲ့သည်တုန်းက ခင်ညွန့်ခေတ်ပေါ့။ ဆရာတော်ကြီးဟာ ၁၉၉၁ ခုနှစ် စစ်တပ် သံဃာသတ်မှုကြောင့် ပတ္တနိကုဇ္ဇန သပိတ်ကံဆောင်လို့ ထောင်ကျခဲ့ရတုန်းက အတွေ့အကြုံတွေ ပြန်ပြောပြတယ်။ ဆရာတော်ကြီးဟာ ထောင်ထဲမှာလည်း ဝိနည်းနဲ့အညီပဲ နေတာကို သိက္ခာဖျက်ဆီးချင်တော့ သူ့ကိုချုပ်ထားတဲ့ အခန်းထဲကို မိန်းမလျာ ထောင်သားတယောက် လာထည့်ပေးဖို့ ကြိုးစားတယ်တဲ့။ တကယ်ဆို ထောင်စည်းကမ်းအရ အဲ့သည်လိုအခန်းမှာ ၃ ယောက် ထားရင်ထားတယ်။ မဟုတ်ရင် ၁ ယောက်တည်းပဲ ထားတယ်တဲ့။ ၂ ယောက်မထားဘူး၊ လိင်တူကိစ္စတွေ ဖြစ်ကြမှာစိုးတာတဲ့။ အဲ့သည်လို မိန်းမလျာ လာထည့်တော့ အဝင်မခံဘဲ ကန်ကျောက်ထုတ်ပစ်မှ ကိစ္စအေးသွားသတဲ့။ နိုင်ငံရေးသမားတွေကို အညွန့်ချိုးဖို့ ကြိုးစားတဲ့လုပ်ရပ်ဆိုပြီး ဆရာတော်ကြီးက မိန့်ဖူးတယ်။ “နိုင်ငံရေးသမားတွေကို အောက်လမ်းနည်းသုံး ချုပ်ကွက်ပေါ့ကွ။” ဆိုပြီး ဆရာတော်ကြီးက မိန့်ခဲ့ဖူးတာပါ။

အောက်လမ်းချုပ်ကွက်

နောက်တယောက်ကတော့ ရန်ကြီးအောင်စိန်ဝင်းလို့ ထင်ရှားတဲ့ ကျွန်းပြန်ကြီးတဦး၊ သူက တကသ ဒုဥက္ကဋ္ဌလည်း လုပ်ခဲ့ဖူးတဲ့ ကျောင်းသားခေါင်းဆောင်။ သံမဏိလိုမာသူ နိုင်ငံရေးသမားကြီး၊ သူက  လူပျိုကြီး။ သူ့ကို အင်းစိန်ထောင်မှာ တယောက်တည်း အခန်းထဲမှာ ထားတုန်းကလည်း သူ့အခန်းထဲကို မိန်းမလျာ လာထည့်ဖူးတယ်။ သူက အဝင်လာမခံဘဲ မောင်းထုတ်ပစ်မှ ထောင်ဝန်ထမ်းတွေက မိန်းမလျာကို မသွင်းတော့တာ။ သမိုင်းရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို မိန်းမလျာချုပ်ကွက်နဲ့ သမိုင်းကွေးအောင် လုပ်မည့်အကြံ။

မြှုပ်ထားတဲ့ စစ်ထောက်လှမ်းရေးချုပ်ကွက်

အခုအခါ ဥက္ကဋ္ဌ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်က  ပြောတယ်။ သူတို့အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတော့ တည်းခိုဆောင်မှာ နေရာချထားတာက ခင်ညွန့်ထောက်လှမ်းရေးကတဲ့။ ခေါင်းဆောင် ၅ ယောက် သွားတာကို သီးသန့် ၅ ခန်းမှာထားတယ်တဲ့၊ တခန်းနဲ့တခန်းက ဝေးတယ်တဲ့။ ညဆို အခန်းထဲကို စစ်ထောက်လှမ်းရေးတွေကလာပြီး အရက်ယူမလား၊ ဘာစားချင်သလဲ။ စော်လေးတွေ လိုချင်သလား လာ လာ မေးသတဲ့။ ဘာမှမလိုဘူး ပြောတာတောင်မှ ကောင်မလေးတွေ ခေါ်လာပြီး အခန်းထဲ အတင်းထည့်တာတဲ့။ ထွက်ပြေးရတာပေါ့တဲ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတဲ့ ကိုယ့်ခေါင်းဆောင် ငါးယောက်ကို ပြန်စုပြီး ၃ ရက်လုံးလုံး တခန်းထဲမှာပဲ စုအိပ်ခဲ့ရတာတဲ့။ ဒါမှမဟုတ်ရင် ကောင်မလေးတွေ အခန်းထဲ တိတ်တိတ်ကလေး လာထားပြီး ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေ ယူသွားမှာ ကြောက်ရသတဲ့။ သူ့အတွေ့အကြုံ ကြားခဲ့ရတာပါ။ တိတ်တိတ်ကလေး သူကလေးတွေကို အခန်းထဲလာထည့်ပြီး အချုပ်ခံခဲ့ရသူခေါင်းဆောင် ဘယ်နှစ်ယောက်များ ရှိခဲ့မည်လဲ။ ကောင်မလေးချုပ်ကွက်က အောင်လ ချုပ်ကွက်လိုမျိုးလားပေါ့။ ကောင်မလေးချုပ်ကွက် သုံးသလို ကောင်လေးချုပ်ကွက်လည်း ရှိနိုင်သတဲ့။

ချုပ်ကွက်မျိုးစုံ သုံးထားပုံမှာ အာဏာသိမ်းနိုင်ခဲ့ခြင်းလား

ခေါင်းဆောင်ဆိုသူများအား ထိုထိုချုပ်ကွက်များနဲ့ စစ်ထောက်လှမ်းရေးမှတ်တမ်းများနဲ့ စီးပွားရေး လူမှုရေး ငွေပေး လူပေး အထက်လမ်း အောက်လမ်း ချုပ်ကွက်မျိုးစုံနဲ့ ချုပ်ထားပြီးမှ အပီချုပ်နိုင်ပြီဆိုမှ စစ်အာဏာသိမ်းရဲခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း စစ်ခေါင်းဆောင်များ မလုပ်ရဲတာ မရှိဘူးလို့ ပြောထွက်ခဲ့တာပါ့။ ချုပ်ကွက်တွေကောင်းပါရဲ့။ ဒါပေမဲ့။

စစ်အာဏာအတွက် နိဂုံးချုပ်ကွက်

တရုတ်ကစားသမား ဖန်ရောင်းက အောင်လအန်ဆန်းကို ပြေးပြီး ချုပ်တာပါပဲ။ အောင်လ ပက်လက်လန်သွားခဲ့တယ်။ ဒါပေမဲ့ အောင်လက ပက်လက်အနေအထားကပဲ တရုတ်ရဲ့ လည်ပင်းကို ပြန်ချုပ်မိသွားတော့ တရုတ်က ကြမ်းပြင်ကို လက်နဲ့ပုတ်ပြီး အရှုံးပေးသွားရတယ်နော်။ အခုလည်း စစ်အာဏာရှင်တွေက ချုပ်ကွက်မျိုးစုံနဲ့ ချုပ်နေတာပါပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်သူတွေမှာလည်း စစ်အာဏာရှင်တွေကို ပြန်ချုပ်မယ့် ချုပ်ကွက်နည်းသစ်တွေ မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။ မရိုးသားသော ယုတ်မာသော ရက်စက်သော ကောက်ကျစ်သော မုသာဝါဒအားကြီးသော သော သော သော စစ်အာဏာရှင်တွေမှာတောင် သူတို့ဉာဏ်မီသလောက် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း စကားနဲ့ ပြောရရင်) သင်းတို့ဉာဏ် တထွာတမိုက်နဲ့ ချုပ်ကွက်တွေ ထုတ်နိုင်သေးရင်။ နွေဦးတိုက်ပွဲ ဝင်နေကြကုန်သော စွန့်စားသော ရဲဝံ့သော စွန့်လွှတ်သော ပညာဉာဏ်ကြီးမားသော ခေတ်မီသော သော သော သော မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံ မျိုးဆက်သစ် လူငယ်ထု၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံးကရော စစ်အာဏာရှင်ကို အနိုင်ယူမယ့် တန်ပြန်ချုပ်ကွက်တွေ ဘာကြောင့် မရှိနိုင်ရမည်လဲ။ သမ္မတကြီး ဦးဝင်းမြင့် DVB debate မှာ ပြောခဲ့သလို “ဠင်းတလောက်ကတော့ ငှက်တိုင်းလှပါတယ်။” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို “ဘာရမလဲ သာဝရယ်။” ဆိုတဲ့ စစ်အာဏာရှင်ကို နိုင်မည့် ချုပ်ကွက်တွေ မရှိဘူးလို့ မပြောနိုင်ပါဘူးနော်။     ။

မောင်တူး

7 mins Ago

April 28, 2023

ကေအန်ယူညီလာခံမှ ဆပွားအတွေးများ

တော်လှန်ရေးခေါင်းဆောင်ဆိုတာ

ရေစုန်မှာလှေကြုံလိုက်သူတွေမဟုတ်၊

ရေစီးကို ဆန်တက်ရဲကြသူတွေသာဖြစ်တယ်။      ။

(ပဒိုမန်းရှာ)

ဒါဟာ “ရေဆန်” ကလောင်အမည်နဲ့ ကရင်ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ ဆောင်းပါးတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။ ကွယ်လွန်သူ ပဒိုမန်းရှာကို သတိရသလို ကျနော်တို့ ကျောင်းသားတွေကို ကူညီခဲ့တဲ့ ကွယ်လွန်သူ ဗိုလ်မှူးရောဘဇန်၊ ဗိုလ်မှူးအယ်ဒို၊ ဗိုလ်အယ်စိုး စတဲ့ ကေအန်ယူတပ်မှူးတွေကိုလည်း သတိတရပါ။

လက်ရှိ သတိရနေတာက ကရင့်တော်လှန်ရေးဌာနချုပ် မာနယ်ပလောမှာ “Give me liberty or give me death!” စာတန်းဆိုင်းဘုတ်ကြီးတင်ထားတာ နေ့စဉ်တွေ့နေခဲ့ရဖူးတာကိုပါ။ “လွတ်လပ်ခွင့်ကိုပေးပါ သို့မဟုတ် သေခြင်းကိုပေးပါ။” လို့ ဆိုတယ်။ ဒါက ABSDF ကျောင်းသားတပ်မတော်ရုံး မာနယ်ပလောမှာ အခြေစိုက်ချိန်က ကျနော်တို့ရဲ့ အတွေ့အကြုံပေါ့။ မာနယ်ပလောတိုက်ပွဲ၊ စောထတိုက်ပွဲ၊ ထွီဖာဝီကျိုးတိုက်ပွဲ၊ အဇင်းတိုက်ပွဲ၊ ကရင်ကဒိုက်တိုက်ပွဲ စတဲ့ စတဲ့ တိုက်ပွဲတွေများစွာမှာ ကရင့်တော်လှန်ရေးစစ်သားတွေနဲ့ ကျနော်တို့ အတူတိုက်ခဲ့ကြရင်းက ကရင်တွေရဲ့ အပြောအဆို၊ အနေအထိုင် စိတ်နေသဘော ဓလေ့ထုံးစံတွေကို တီးမိခေါက်မိရှိခဲ့ပေါ့။ “စားထောလဲ ယအဲ့ပါနာ” ဆိုတဲ့ ကရင့်ကျေးလက် အချစ်သီချင်းလေးတွေ “ယပွာကလူရယ်အို” ဆိုတဲ့ ကရင့်နိုင်ငံတော်သီချင်း စတာတွေကို ဆိုတတ်တဲ့အထိ ရင်းနှီးလာခဲ့ကြတယ်။ ဒါတွေ ရေးမိတာက ကရင့်ကွန်ဂရက်ညီလာခံ ကျင်းပနေတဲ့ သတင်းကြားအပြီး စိတ်ဝင်စားမိ တွေးမိလာတာကြောင့် ဖြစ်ပါတယ်။ အဓိကအကျဆုံးကတော့ အခုကျင်းပနေတဲ့ ကေအန်ယူ ညီလာခံဟာ ကေအန်ယူရဲ့ မူဝါဒ အပြောင်းအလဲတွေနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးကိုလည်း သက်ရောက်မှု ရှိလာနိုင်တာပေါ့။ တဆင့်တက်ကြည့်ရင်တော့ နွေဦးတော်လှန်ရေးကြီးကိုပါ သက်ရောက်မှု ရှိလာပါလိမ့်မယ်လို့ တွေးမိလာတာပေါ့။

ကရင်လူမျိုးဆိုတာ

ကျနော်တို့နေထိုင်တဲ့ မြေပြန့်မှာ ကရင်တွေရှိကြတယ်။ သူတို့ ရိုးသားကြတယ်။ ကတိတည်ကြတယ်။ ဘယ်လောက်ကတိတည်သလဲဆိုတာကို ကျနော့်အဘိုးက ပုံပြင်ဆန်ဆန် ပြောပြဖူးတယ်။ အဘိုးက သစ်ခွဲသမားတယောက်ပါ။ ပဲခူးမြို့မှာနေတယ်။ အခုခေတ်လို သစ်ခွဲစက်တွေမရှိတဲ့ လွန်ခဲ့သော နှစ်ငါးဆယ်လောက်ကပေါ့။ သစ်လုံးကြီးတွေကို လွှအရှည်ကြီးကို လူနှစ်ယောက် တဖက်စီကိုင် ဆွဲခွဲဖြတ်ရတဲ့ ခေတ်ပေါ့။ လွှဆွဲသမား အယောက် ၂၀ ကျော်ကို အဘိုးက ဦးစီးပြီး ပဲခူးနယ်တခွင် သစ်တွေလိုက်ဆွဲနေရာကနေ ဈေးကောင်းရမယ်ဆိုလို့ ပဲခူးရိုးမပေါ်အထိ ခရီးဝေးသွားပြီး သစ်ခွဲတဲ့အလုပ်ကို သွားလုပ်ခဲ့ကြတယ်ပေါ့။ လူ ၂၀ ကျော် သစ်လုံးကြီးတွေကို ခွဲကြ ဖြတ်ကြတယ်။ ပျဉ်ချပ်တွေ ဖြစ်အောင် ခွဲကြတယ်။ ၃ လလောက် သစ်တွေခွဲပြီးတော့ မိုးကျခါနီး လယ်ထွန်နီးချိန်ရောက်လာတော့ ပြန်ကြတော့မယ်ပေါ့။ ဒီအချိန်ကျမှ တိုက်ပွဲတွေ ဖြစ်လာတယ်။ ကေအန်ယူတပ်နဲ့ အစိုးရတပ်တွေ စစ်ဖြစ်နေတော့ ခွဲထားတဲ့သစ်တွေ တင်ပို့ရောင်းလို့မရ၊ လမ်းတွေပိတ်ကုန်ပြီ။ ဒီအခါကျမှ သစ်တွေဟာ ကေအန်ယူရဲ့သစ်တွေမှန်း သိလာရတော့တယ်။ ကေအန်ယူ တပ်မဟာမှူးကိုယ်တိုင်လာပြီး ခင်ဗျားတို့ကို သစ်ဖိုး မပေးနိုင်သေးဘူး။ ရွာပြန်ကြ။ လယ်ထွန်ကြ။ သီတင်းကျွတ်လပြည့်နေ့ မနက် ၈ နာရီ ရွှေမော်ဓောဘုရား အရှေ့ဘက်မုဒ်မှာ ၂ ယောက်ထဲလာရမယ်။ အဲ့သည်အချိန် ငွေပေးမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။ သစ်ခွဲခ လူ ၂၀ စာ ငွေတွေက အများကြီး။ ခုခေတ်နဲ့ဆို သိန်း ရာချီပေါ့။ ရိုးမပေါ်ကနေ ပဲခူးမြို့ကို ဒီကရင်တွေ လာပေးမှာမဟုတ်ဘူးလို့ တွေးခဲ့ကြတယ်။ ဒီနွေတော့ သစ်ဆွဲခတွေ ဆုံးပြီပေါ့။ ဒါကြောင့် နောက် ၄ လအကြာ သီတင်းကျွတ်လပြည့်နေ့ မနက် ၈ နာရီမှာ သတ်မှတ်ထားတဲ့ ရွှေမော်ဓောဘုရား အရှေ့မုဒ်မှာ သွားစောင့်ပြီး ငွေယူဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူးပေါ့။ ဒီလောက်အဝေးကြီး လာပေးမှာမဟုတ်တော့ပါဘူး။  ကေအန်ယူတွေက အစိုးရတပ် ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ ပဲခူးကို ခြေလျင်တတန် လှေကြောင်းတတန်နဲ့ များလှတဲ့ သစ်ဆွဲခတွေ လာပေးမှာမဟုတ်ဘူးပေါ့။ လူ ၂၀ ကျော်မှာ ငွေသွားသူမယ့်သူ တယောက်မှမရှိ။ ဒါပေမဲ့ ကျနော့်အဘိုးနဲ့ တပည့်တယောက်ကတော့ သတ်မှတ်ချိန်မှာ သွားစောင့်မယ်။ မလာရင်လည်း ပြီးရောပေါ့။ ကတိသစ္စာတည်ကြည်လို့ လာပါက အမြတ်ပေါ့။ သည်လိုတွေးပြီး သွားစောင့်သတဲ့။ သွားစောင့်တော့ သူတို့ကို ၈ နာရီတိတိမှာ တပ်မဟာမှူးသမက်ကိုယ်တိုင် လွယ်အိတ်တလုံး လာပေးတယ်။ ဟေ့လူတွေ နင်တို့သစ်ဆွဲခ လွယ်အိတ်ထဲမှာနော်။ ကဲ သွားတော့၊ သားသမီးတွေ စားဖို့ ငွေတွေယူသွားတော့နော်။ နောက်ကို လုံးဝလှည့်မကြည့်နဲ့နော် ဆိုပြီး တွန်းလွှတ်လိုက်တာတဲ့။ ခပ်လှမ်းလှမ်းရောက်လို့ ပြန်လှည့်ကြည့်တော့ သူတို့မရှိကြတော့။ ကြက်ပျောက်ငှက်ပျောက်။ ဒီကရင်တွေကွာ ဒီလောက်များတဲ့ သစ်ဆွဲခငွေတွေ ၄ လကြာမှ ရိုးမပေါ်ကနေ ခက်ခက်ခဲခဲ ပဲခူးထိလာပြီး ကတိအတိုင်း ပေးသွားတယ်လို့ ရာဇဝင်တွင်ပါလေရော။

ကရင့်ရာဇဝင်

ကရင်လို့ ခေါ်မည့် ထီ့ဆဲ့မဲ့ယွား (ရေစီးရာ သဲတွေမျောပါနေတဲ့ မြစ်ချောင်းဒေသ) လူမျိုးတွေဟာ တရုတ်ပြည်တောင်ပိုင်း တနေရာက နှစ် ၃,၅၀၀ လောက်က ပြောင်းရွှေ့လာသူတွေလို့ သမိုင်းမှာ မှတ်သားရတယ်။ ဂိုဘီသဲကန္တာရကို ဖြတ်လာသူတွေလို့လည်း သိရတယ်။ တဖြည်းဖြည်းနဲ့ အရှေ့တောင်အာရှကို ဝင်လာကြတယ်။ ယိုးဒယား၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းတိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြတယ်။ ကရင် အခေါ်ကို ဘယ်အချိန်ကစပြီး ခေါ်ကြသလဲဆိုတာ အတိအကျ မသိရပေမဲ့ အင်းဝခေတ်မတိုင်ခင်ကတည်းက စတင်ခေါ်နေခဲ့ပုံရတယ်။ ကပ္ပလီကျွန်း (အန်ဒမန်) မှာ ကရင် ၂,၅၀၀ ဦးရှိတယ်။ ဒါ့အပြင် ကရင်တွေဟာ အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ တခြားကမ္ဘာ့နိုင်ငံတွေမှာလည်း ပျံ့နှံ့နေထိုင်နေကြပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကဆိုရင် ကမ္ဘာတဝန်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသေးတယ်။

ကရင်လူမျိုးထင်ရှားသူများ

တေးသံရှင် စောဖိုးခွားဟာ စစ်အာဏာရှင်ကို တေးသီချင်းနဲ့ တိုက်ပွဲဝင်သူဖြစ်တယ်။ မန်းဘခိုင်ဟာ အာဇာနည်ခေါင်းဆောင်ကြီးတဦး ဖြစ်သလို မန်းဝင်းမောင်ဟာ မြန်မာနိုင်ငံ တတိယမြောက်သမ္မတ ဖြစ်တယ်။

ဗိုလ်ချုပ် စမစ်ဒွန်းကလည်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တယ်။ စောဘဦးကြီး၊ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ မယ်ဗမာ ၂ ထပ်ကွမ်း နော်လွီဇာဘင်ဆင်၊ အောင်ဆန်းသူရိယ စောဘရီ၊ အောင်ဆန်းသူရိယ စောမြင့်၊ မြန်မာ့ဂီတသမိုင်းမှာ ရောင်းအားအကောင်းဆုံး စံချိန်တင်ခဲ့တဲ့ အဆိုတော် ဗဒင်၊ Iron Cross တီးဝိုင်းတည်ထောင်သူ စောဘွဲ့မှူး၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၊ ဂီတပညာရှင် ချစ်စမ်းမောင်နဲ့ အဆိုတော်တွေ၊ တေးရေးတွေ အများအပြားဟာ ကရင်တွေပေါ့။ နောက်ထပ်ထင်ရှားတဲ့ ကရင်လူမျိုးတွေ အများကြီး ရှိပါသေးတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ကွဲတွေ များပြားနေခြင်း

ထင်းတချောင်းခြင်း ချိုးလို့လွယ်တယ်။

ထင်းစည်းကို ချိုးဖို့တော့ မလွယ်ပါ။

သည်အဆိုအမိန့်ကို လူတိုင်း လက်ခံကြပါတယ်။ ကရင်တွေလည်း လက်ခံကြတာပါပဲ။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးဖို့ကျတော့ မလွယ်ကြပါ။ ဒါကလည်း ကရင်မှမဟုတ်ပါ။ ဗမာအဖွဲ့အစည်းတွေလည်း ကျနော်လည်း ထိုနည်းလည်းကောင်း ဆိုသလိုပါပဲ။ အားလုံးပါဝင်ကြရမည့် နွေဦးတော်လှန်ရေးမှာပဲ ကြည့်တော့လေ။ မပါသူကမပါ။ ကြားနေမယ်ဆိုသူကလည်း ရှိပေါ့။ ကရင်လက်နက်ကိုင်တွေမှာဆိုရင်လည်း NCA ငြိမ်းချမ်းရေးအဖွဲ့တွေ၊ ဒီကေဘီအေ၊ နယ်ခြားစောင့် BGF၊ KNLA၊ KNDO၊  ကော်သူးလေတပ်နဲ့ တခြားအဖွဲ့ကွဲတွေ ရှိလာနေကြပါတယ်။ ဘယ်လိုကွဲကွဲ ပြည်သူ့အတွက် လုပ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကရင်တွေလည်း လူသားတွေမို့ လောဘနဲ့ တွဲလာသောအခါ။ ကျနော်တို့ အဘိုးခေတ်ကလို ပဲခူးရိုးမကနေ ပဲခူးမြို့ထဲအရောက် သစ်ခွဲခ ရသင့်ငွေ အများကြီးကို ကတိတည်စွာ လာပေးဖို့ထက် လုပ်ပိုင်ခွင့်သုံးပြီး စီးပွားဖြစ်ချင်လာကြသူတွေတချို့ ရှိလာနေကြပြီ။ အားလုံးကိုတော့ မဆိုလိုပါ။ တချို့။ တချို့ကလည်း ရာထူးငယ်ပိုင်းဆိုရင် မပြောပလောက်ပါ။ တချို့က ခေါင်းဆောင်ပိုင်းတွေ ဆိုရင်တော့ မလွယ်ဘူးပေါ့။ ကရင်ပြည်နယ်ထဲက ရွာသားပိုင် ခြံမြေတွေကို ဘယ်ငြိမ်းချမ်းရေးအဖွဲ့က သိမ်းလိုက်တယ် ဆိုတာမျိုးတွေ၊ ဘယ်ရွာသားကတော့ ကြောက်လို့ သူ့ခြံမြေတွေ ပေးလိုက်ရတာပေါ့ ဆိုတာတွေ မကြာခဏ ကြားနေရတာပါ။ အော် ရိုးသားတဲ့ လူမျိုးတွေဟာ တချို့သော လောဘတက်သူတွေကြောင့် စိတ်မသက်သာစရာတွေတော့ ကြုံနေရတာပေါ့။ အားလုံးကို မဆိုလိုပါ။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၁၇ ကြိမ်မြောက် ကွန်ဂရက်

ကွန်ဂရက်ညီလာခံကို ၂၀၂၃ ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ ထိုးစစ်တွေကြောင့် ဒီကွန်ဂရက်ဟာ ၃ နှစ်လောက် နောက်ကျ ကျင်းပတယ်။ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ရွေးကောက်ပွဲတွေလုပ်မှာဖြစ်ပြီး ကရင်ပြည်သူတွေ လက်ရှိတောင်းဆိုနေတဲ့ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ဒုစရိုက်မှုနဲ့မကင်းတဲ့ စီးပွားရေးပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်သွားဖို့လည်း ရှိနေကြောင်း ကြားရပါတယ်။ ဆုံးဖြတ်ချက်တွေ ဘယ်လိုရှိမလဲကတော့ စောင့်ကြည့်ကြရမှာပါ။ ဒါ့အပြင် NCA လမ်း ပြန်လိုက်ချင်သူတွေနဲ့ မလိုက်လိုသူတွေကလည်း ရှိနေပါသတဲ့။ သတိထားရမှာက အခုအခါမှာ ကေအန်ယူအပေါ် မြန်မာပြည်သူလူထုတွေက အမြင်တွေ ပြောင်းနေပြီ ဆိုတာကိုပါ။ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်သူတွေကို ကေအန်ယူက အပြည့်အဝ ကူညီထားခဲ့တယ်။ ဒါကြောင့် မြန်မာပြည်သူတွေဟာလည်း “လေးကေ့ကော်နဲ့အတူရှိနေပြီ။” “ကေအင်န်ယူတွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” လို့ ရန်ကုန် မန္တလေး မြန်မာပြည်အနှံ့ ဆန္ဒပြပွဲတွေမှာ ကြွေးကြော်နေကြချိန် ရောက်နေပါပြီ။ ဒါဆိုရင် ကေအန်ယူရဲ့ မူဝါဒဟာ ကရင်တမျိုးသားလုံးအတွက်သာ မကတော့တဲ့ သဘောပါ။ တတိုင်းတပြည်လုံး တကမ္ဘာလုံးရှိ မြန်မာပြည်သူပြည်သားတွေကိုပါ သက်ရောက်နေပါပြီ။ တတိုင်းတပြည်လုံး တကမ္ဘာလုံးရှိ မြန်မာပြည်သူပြည်သားတွေက ကေအန်ယူညီလာခံကို စောင့်ကြည့်နေကြပြီဆိုတာကို နှလုံးသွင်းကြစေချင်ပါတယ်။ ပြည်သူလူထုတွေရဲ့ ဆန္ဒယုံကြည်ချက် လိုလားချက်တွေနဲ့ ထပ်တူပြုရမည့် အချိန်ပါ။ ကျနော့်အဘိုးခေတ်ကလို ခံယူချက်မျိုးနဲ့ “ဒီကရင်တွေကွာ ဒီလောက်များတဲ့ သစ်ဆွဲခငွေတွေ ၄ လကြာသွားတာတောင် ရိုးမပေါ်ကနေ ခက်ခက်ခဲခဲ ပဲခူးထိလာပြီး ကတိအတိုင်း ပေးသွားတယ်လို့ ရာဇဝင်တွင်ပါလေရော။” ဆိုတဲ့ ပြောသံတွေ ကြားချင်လှပါတယ်ဗျာ။     ။

မောင်တူး

2 weeks Ago
Up