ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အတွင်း တာဝန် ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီလက်အောက်ခံ Non-CDM ပညာရေးဝန်ထမ်းတွေဟာ ၂၀၂၃ ဇန်နဝါရီအတွက် လစာနှစ်ဆမရတဲ့အတွက် အခက်အခဲဖြစ်နေကြကြောင်း ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ပညာရေးဝန်ထမ်းတဦးက “တခြားဝန်ထမ်းတွေက လစာနှစ်ဆ အပြည့်ရကြပါတယ်။ ကျမတို့ ပညာရေးဝန်ထမ်းတွေက ဘဏ်မှာ ငွေမရှိလို့ဆိုပြီး တလစာပဲ ရတယ်။ မောင်တောနဲ့ ဘူးသီးတောင်က ပညာရေးဝန်ထမ်းတွေလည်း တလစာရကြတာ။ ဘဏ်မန်နေဂျာတွေက ငွေမရှိဘူးဆိုပြီး လုပ်စားနေကြတာ ကြာပြီ။ အချိန်တပတ်လောက် စောင့်ရမယ်ဆိုတော့ ကုန်စျေးနှုန်းတွေက မြင့်တော့ အခက်အခဲ ဖြစ်နေရတယ်”လို့ ပြောပါတယ်။
ဘဏ်မှာ ငွေသားလက်ကျန် နည်းနေတာဟာာ မောင်တောခရိုင်ရှိ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာတွေက ငွေပွဲစားတွေနဲ့ ငွေထုတ်ပေးနေတာတွေ ရှိနေတာကြောင့်လို့ ဒေသခံ ဝန်ထမ်းတွေက ပြောပါတယ်။
“မောင်တောခရိုင် ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘဏ်မန်နေဂျာတွေနဲ့ လက်တွဲပြီး ပွဲစားတွေနဲ့ လုပ်စားနေကြတာ။ ဘဏ်မှာငွေရှိလို့ ပြောနေကြတာပါ။ ကျမတို့ တာဝန်ကျနေတဲ့ ဘူးသီးတောင် မြောက်ပိုင်း ဆိုတာက မြို့ကဝန်ထမ်းတွေနဲ့ မတူဘူးလေ။ အသွားအပြန် ခရီးစရိတ်က ၅ သောင်းလောက်အထိ ကုန်ကျတာ။ အခုလို လစာကို နောက်တခေါက် လာထုတ်ရမယ်ဆိုတော့ အခက်အခဲတွေ အများကြီးတွေ့နေရတာ။”
မောင်တောခရိုင်ရှိ ဝန်ထမ်းများအားလုံး ဇန်နဝါရီ ၃၁ ရက် လကုန်ရက်မှာ လစာ ၂ ဆ ရရှိခဲ့ကြပေမဲ့ မောင်တောမြို့နယ်ရှိ ပညာရေးဝန်ထမ်းတွေပဲ လစာ ၁ လစာ ရရှိခဲ့ကြတာပါ။
လစာငွေ ၂ လစာမရဘဲ ၁ လစာပဲ ရရှိလို့ ဝေးလံတဲ့နေရာဒေသတွေကနေ လစာလာထုတ်ယူကြရတဲ့ ဝန်ထမ်းတွေအတွက် အခက်အခဲ ဖြစ်တယ်လို့ ပြောကြပါတယ်။
မောင်တောမြို့နယ် အောင်သပြေကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတဦးက “ကျမတို့က မောင်တောနဲ့ မိုင် ၇၀ ကျော်ဝေးတဲ့ အောင်သပြေကျေးရွာကနေ မောင်တောမြို့ပေါ်ကို ခရီးစရိတ်တွေအကုန်ခံပြီး လစာလာထုတ်နေကြရတာ။ လစာ ၂ လစာအပြည့်မရဘူး။ နောက်တပတ်မှလာပြီး နောက် တလစာကို ထုတ်ရမှာဆိုတော့ ခရီးစရိတ် ထပ်ကုန်ရတော့မှာ” လို့ ပြောပါတယ်။
မောင်တောခရိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲအပါအဝင် ဌာနဆိုင်ရာအားလုံးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး လစာနှစ်ဆ ခံစားခွင့် ခွင့်ပြုပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
မောင်တောခရိုင်မှာ လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်းပါးပြီး ကုန်စျေးနှုန်း အဆမတန် မြင့်မားနေတဲ့ဒေသဖြစ်တဲ့အတွက် ခုလို လစာ ၂ လစာ ရှားပါးစရိတ် ဝန်ထမ်းတိုင်း ရရှိနေကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း လိုင်စင်မဲ့ကားတွေကို သြဂုတ် ၂၅ ရက် မနက်ကစပြီး မောင်တောမြို့ဝင်ဂိတ်နဲ့ ဘူးသီးတောင်မြို့ဝင်ဂိတ်တွေမှာ စစ်ဆေး ဖမ်းဆီးနေတယ်လို့ ခရိုင်ရဲတာဝန်ရှိသူတွေက ပြောပါတယ်။
“ဗျူဟာက ဦးစီးပြီး အဖွဲ့ပေါင်းစုံပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးနေတာ။ အဓိကတော့ ဒေသလုံခြုံရေးအတွက်လို့ သိရတယ်။”
လိုင်စင်မဲ့ကားတွေကို နယ်မြေခံရဲတပ်ဖွဲ့၊ စစ်တပ်၊ ထွေ/အုပ်၊ ကညန၊ ပို့/ဆက်၊ ယာဥ်ထိန်းရဲ စတဲ့ အဖွဲ့ပေါင်းစုံပူးပေါင်းပြီး စစ်ဆေး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို သွင်းကုန်/ထွက်ကုန် ဥပဒေပုဒ်မ ၈ အရ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တိုက်ရိုက်အမှုဖွင့်လှစ်သွားမယ်လို့ ယာဥ်ထိန်းရဲတာဝန်ရှိသူတွေက ဆိုပါတယ်။
“ဖမ်းပြီး ချက်ချင်း တရားရုံးမှာ သွင်းကုန်/ထွက်ကုန် ဥပဒေပုဒ်မ ၈ နဲ့ တိုက်ရိုက်အမှုဖွင့်ပြီး အရေးယူသွားမှာ။”
မောင်တောခရိုင်မှာလိုင်စင်မဲ့ ကားကြီး ကားငယ် အစီး ၅၀၀ လောက်သာ ရှိကြောင်း မော်တော်ယာဥ်အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။
မောင်တောခရိုင်မှာ လိုင်စင်မဲ့ကားတွေကို သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ စစ်ဆေးဖမ်းဆီးသွားမယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။