ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒီဇင်ဘာလအတွင်း ငါးမြစ်ချင်း တန်ချိန် ၇၀၀ လောက် အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖိုး တင်ပို့ခဲ့တယ်လို့ မောင်တောမြို့ခံ ကုန်သည်ကြီးတွေထံက သိရပါတယ်။
မောတောနယ်စပ်ကနေ ငါးမြစ်ချင်းတင်ပို့တဲ့ကုန်သည်တဦးက "မောင်တောက ဘင်္ဂလားဘက်ကို ငါးမြစ်ချင်းတင်ပို့နေတဲ့ ကုမ္ပဏီ ၃ ခုရှိတယ်။ တစ်ခုက တန်ချိန် ၂၅၀ လောက်တင်ပို့နိုင်ခဲ့တယ်။ ကျန်တစ်ခုက တန်ချိန် ၄၀၀ ကျော်နဲ့ နောက်တစ်ခုကတော့ တန်ချိန် ၁၅၀ ကျော် စုစုပေါင်း တန်ချိန် ၇၀၀ ကျော်လောက်တင်ပို့ခဲ့ကြတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖိုးလောက်ရှိမယ်”လို့ ပြောပါတယ်။
မောင်တောအငူမော်-ကားလမ်းကို ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲကြောင့် ၂၀၂၂ ခုနှစ် သြဂုတ် ၁၃ ရက်က စတင်ပိတ်ထားခဲ့တာကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ကျဆင်းခဲ့ရပြီး နိုဝင်ဘာလမှာ ကုန်သွယ်မှု ရပ်ဆိုင်းသွားတဲ့ ကျဆင်းသွားခဲ့ပါတယ်။
လေးလလောက်ပိတ်ထားခဲ့တဲ့ မောင်တော-အငူမော် ကားလမ်းကို စစ်ကောင်စီနဲ့ အေအေတို့ အပစ်ရပ်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်မှာ ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ကုန်သည်တွေက ကုန်စည်တွေ အဆင်သင့်မရှိလို့ ဒီဇင်ဘာလလယ်လောက်မှသာ ကုန်သွယ်မှုပြန်စတင်နိုင်ခဲ့ကြပါတယ်။
ဒေသခံ ငါးမြစ်ချင်းကုန်သည်ကြီးတဦးက "လမ်းဖွင့်တာနဲ့ တခြားကုန်စည်တွေနဲ့ ငါးမြစ်ချင်းတွေက အဆင်သင့်မဖြစ်သေးတော့ ဒီဇင်ဘာလလယ်ပိုင်းလောက်မှာမှ စတင်ပို့နိုင်ခဲ့ကြတာဗျ။ တခြားကုန်တွေထက် ငါးမြစ်ချင်းက မောင်တောနယ်စပ်က အများဆုံးတင်ပို့နေရတာ”လို့ ပြေပါတယ်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒီဇင်ဘာအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နဲ့ တခြားကုန်စည်တွေတင်ပို့ခဲ့ရာ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းဖိုးလောက်ရှိတယ်လို့ မောင်တောမြို့ကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။
၂၀၂၂ ခုနှစ် မေလမှာတော့ ငါးမြစ်ချင်းတင်ပို့မှု တန်ချိန် ၁၃၀၀ ကျော် တန်ဖိုးဒေါ်လာ ၁၆ သိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၃ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်မှာ ကညင်ချောင်းစီးပွားရေးဇုန်ကို ကျပ်ငွေ ၆ ဘီလီယံကျော် အကုန်ကျခံပြီး တည်ဆောက်ထားပေမဲ့ ခုထိ ဝယ်သူစျေးကွက် အကောင်အထည်မဖော်နိုင်သေးဘူးလို့ နယ်စပ် ကုန်သည်ကြီးတွေက ပြောပါတယ်။
မောင်တောမြို့ခံကုန်သည်ကြီးတဦးက "ယနေ့အထိမဖော်ဆောင်နိုင်သေးဘူး။ ဘင်္ဂလားဒေ့ရှ်ကို မောင်တောနယ်စပ်စီးပွားရေးဇုန်ကနေပဲ ကုန်တွေတင်ပို့ရမှာဗျ။ ဒါမှဝယ်သူစျေးကွက် ဖော်ဆောင်လာနိုင်မှာ အခုက စစ်တွေလို့တမျိုး၊ တောင်ကုတ်လို့ တမျိုး၊ ရန်ကုန်ကနေလည်း တိုက်ရိုက်တင်ပို့နေကြတာတွေရှိနေတော့ စီးပွားရေးဇုန်ဆိုပြီး ဘီလီယံအမြောက်အမြားနဲ့တည် ဆောက်ထားတဲ့ ကညင်ချောင်းစီးပွားရေးဇုန်က ဘာလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေတယ်" လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီလက်ထက် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်ရာမှာ နယ်စပ်မြို့တွေမဟုတ်တဲ့ စစ်တွေ၊ တောင်ကုတ် စတဲ့မြို့တွေမှာ ခရိုနီတွေအလိုကျ ဘင်္ဂလား ဒေ့ရှ်ကို တိုက်ရိုက်ကုန်တင်ပို့ခွင့်ပြုထားလို့ မောင်တောနယ်စပ်ရှိ စီးပွားရေးဇုန်မှာ ကုန်သွယ်မူများစွာ ကျဆင်းနေတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ကုန်သည်ကြီးတဦးက "စစ်တွေ၊ တောင်ကုတ်မြို့တွေက ကိုယ်ပိုင်ဆိပ်ကမ်းတွေကနေ ကုန်တွေတင်ချနေကြတာဗျ။ မောင်တောလမ်းတွေကိုလည်း အဲဒီမြို့တွေက ခရိုနီတွေ ခိုင်းစေချက်အရ စစ်ကောင်စီက လမ်းတွေပိတ်ထားခဲ့တာလို့တော့ ကျနော်တို့ အကြမ်းအားဖြင့်သိထားတယ်။ မောင်တော နယ်စပ်က ကုန်သွယ်မှုများနေတော့ အခွင့်အရေးရတာနဲ့ သူတို့မြို့တွေဘက်က လမ်းကြောင်းတွေ ပွင့်စေချင်တဲ့ သဘောနဲ့ ကြိုးစားနေကြတာတွေ့နေရတာပေါ့ဗျ" လို့ ထောက်ပြပါတယ်။
စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန် စတဲ့မြို့တွေမှာရှိတဲ့ ရခိုင်ခရိုနီသူဌေးတွေဟာ စစ်ကောင်စီအရာရှိတွေ ရခိုင်ဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ဆိပ်ကမ်းတွေ တည်ဆောက်ကာ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်စည်တွေ တင်ပို့နေကြတယ်လို့လည်း ဆိုပါတယ်။
မောင်တောဒေသခံ စီးပွားရေးသမားတဦးက "နယ်စပ်တွေဆိုတာ နိုင်ငံတခုရဲ့ စီးပွားရေး အဓိကကျတဲ့နေရာတွေပါ။ မြန်မာကတခြားနယ်စပ်တွေကို ကြည့်ပေါ့ဗျာ။ မူဆယ်တို့၊ တာချီလိတ်တို့၊ တမူးတို့ များစွာတိုးတက်နေကြတာလေ။ မောင်တောနယ်စပ်ကိုကြည့်လိုက်တော့ စီးပွားရေးဇုန်ဆိုပြီး ၆ ဘီလီယံတောင် ကုန်ကျခံတည်ဆောက်ထားတယ်။ နာမည်သာကြီးနေတာ။ ဝယ်သူစျေးကွက်မပြောနဲ့ ကားတွေသွားလာဖို့ လမ်းတွေတောင် အဆင်မပြေသေးဘူး" လို့ ပြောပါတယ်။
ကညင်ချောင်းစီးပွားရေးဇုန်ကို မောင်တောမြို့နဲ့ ၄ မိုင်လောက် အကွာမှာရှိတဲ့ ကညင်ချောင်း ကျေးရွာချောင်းမှာ ဒီရေအတက်အကျအခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှုပြုလုပ်နိုင်တဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုမြင့်မားလာစေရန်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝယ်သူစျေးကွက်ဖော်ဆောင်နိုင်ဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကစတင်ပြီး ငွေကျပ် ၄ ဘီလီယံကျော် အကုန်ကျခံတည်ဆောက်ခဲ့တာပါ။
စီးပွားရေးဇုန်ဟာ မိုးရာသီအသုံးပြုမရနိုင်တဲ့အတွက် စစ်ကောင်စီက နောက်ထပ် ကျပ် ၂ ဘီလီယံလောက် အကုန်ကျခံတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။