ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်းကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီလောက်က ကလေးမွေးနေ့ပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသား ၁၀ ဦး သေဆုံးကာ ကလေးငယ်တွေအပါအဝင် ၅၀ ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက" ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ မွေးကင်းစ ကလေးငယ်တစ်ယောက် ကင်ပွန်းတပ် မွေးနေ့ပေးနေတာ။ တရွာလုံးနီးပါး ပွဲကိုရောက်နေကြတာ။ ကြိမ်ချောင်း ၂၄ ဗျူဟာက ပစ်တဲ့ လက်နက်ကြီး ပွဲအလယ်တည့်တည့်ကို ကျရောက်ပေါက်ကွဲတာ။ ၇ ဦး ပွဲချင်းပြီး သေဆုံးကာ လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်။”လို့ ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေများပြားပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ မောင်တောဆေးရုံသို့ အရေးပေါ် ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “သေဆုံးသူက လက်ရှိမှာ ၁၀ ဦး အထိရှိနေတယ်။ နောက်သေဆုံး တာတွေလည်းရှိနိုင်သေးတယ်။ အတိအကျမပြောနိုင်သေးဘူး။ ဒဏ်ရာရသူလည်း လက်ရှိမှာ ၅၀ အထိရှိနေတယ်။ အရေအတွက်အတိအကျ မသိသေးဘူး။ တရွာလုံးနီးပါး ဒဏ်ရာရကြမယ် ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဂြိတ်ချောင်းကျေးရွာမှာ လူနေ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ လောက် နေထိုင်နေကြတဲ့ မြိုတိုင်းရင်းသားကျေးရွာ ဖြစ်ပါတယ်။
မောင်တောမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအနီး ရက္ခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ နေစဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေလို့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်တိုင်တိုင် တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၇)နဲ့ ကြိမ်ချောင်း ၂၄ ဗျူဟာစခန်းကနေလည်း အနီးနားရှိ လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မောင်တောမြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းလမ်းတွေကို ပိတ်ထားတာကြောင့် ကျေးရွာ ၃၀ ကျော်လောက်က စာသင်ကျောင်းတွေပိတ်ထားရတယ်လို့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတွေက ပြောဆိုကြပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ဆရာတယောက်က “မြောက်ပိုင်း ခမောင်းဆိပ် ကစပြီး ကျေးရွာ ၁၅ လောက်က စာသင်ကျောင်းတွေမဖွင့်နိုင်ဘူး။ ဆရာ ဆရာမတွေနဲ့ ရွာသူရွာသားတွေပါ ထွက်ပြေးနေကြရတာလေ။ ဘယ်လိုလုပ် ကျောင်းဖွင့်မှာလဲ။ လမ်းတွေလည်း အားလုံးပိတ်ထားတာကို” လို့ပြောပါတယ်။
ခမောင်းဆိပ်မြို့၊ ဘင်္ဂလား-မြန်မာ နယ်စပ်နယ်ခြားမှတ်တိုင်အမှတ် ၄၀ က စစ်ကောင်စီစခန်းကို သြဂုတ် ၃၁ ရက်နေ့မှာ ရက္ခိုင်တပ်တော်က သိမ်းပိုက်ပြီးနောက် မောင်တောမြောက်ပိုင်းဒေသကို တိုက်လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေလို့ ဒေသခံတွေ၊ ဝန်ထမ်းတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။
ဒီနေ့မှာလည်း မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံးကျေးရွာနဲ့ ကြိမ်ချောင်းကျေးရွာအကြား ဖော်တီကောင်ရွာနားမှာ နေ့လယ် ၂ နာရီကျော်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီးနဲ့ နခခ ၅ က စစ်သားတွေ တင်ဆောင်ပြီး အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဖော်တီကောင်၊ လောင်းဒုံ၊ ကြိမ်းချောင်း စတဲ့ ကျေးရွာဒေသခံတွေက စိုးရိမ်နေကြတာပါ။
“စစ်ဘောင်က ကျယ်လာနေတယ်။ မြို့တွေ ကျေးရွာတွေနဲ့ နီးကပ်လာနေတယ်။ စစ်ကောင်စီကလည်း လေကြောင်းနဲ့ နယ်စပ်တလျှောက် စစ်အင်အားအလုံးအရင်း ချလာနေတယ်။ နတ်မြစ်ကနေလည်း ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းပေနေတယ်။ ရှေ့လျှောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တယ်”လို့ မောင်တောဒေသ စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဝေလာတောင်၊ ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သုပဏ္ဏက၊ နန်းရာကိုင်း၊ သက်ကိုင်ညာ၊ သစ်တုံးနခွဆုံ၊ ခုံတိုင်၊ မြဝတီ၊ တမန်းသား၊ ရန်အောင်ပြင်၊ ကြိမ်ချောင်း စတဲ့ကျေးရွာတွေက စာသင်ကျောင်းတွေ ပိတ်ထားကြရပါတယ်။
မောင်တော တောင်ပိုင်း ညောင်ချောင်းကျေးရွာက ဆရာတယောက်က “တောင်ပိုင်းလမ်းတွေ ပိတ်ထားတဲ့အချိန်မှာ ညောင်းချောင်းနဲ့ ပန်းတောပြင် ကျောင်းတွေတော့ ဖွင့်ခဲ့တယ်။ သြဂုတ်လလယ်လောက်မှာ ပန်းတောပြင် နယ်ခြားစောင့်ဂိတ်က ဆရာ ဆရာမတွေကို သွားခွင့်မပြုတော့ဘူး။ အဲဒါကြောင့် ကျောင်းပိတ်ထားလိုက်ရတယ်” လို့ဆိုပါတယ်။
တောင်ပိုင်းမှာတော့ ဥဒေါင်း၊ မောရဝတီ၊ ကိုင်းကြီး၊ သရိကုန်ဘောင်၊ ရွှေဗဟို၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ညောင်ချောင်း၊ ပန်းတောပြင်၊ မကျည်းချောင်း၊ ပဒင် စတဲ့ ကျေးရွာတွေက စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရပါတယ်။