ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေး ပဂတိမြေပြင်အခြေအနေကို ကြည့်ရှုလေ့လာဖို့ ရိုဟင်ဂျာဒုက္ခစခန်းက တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားပြု အိမ်ထောင်ဦးစီး ၂၁ ဦးပါဝင်တဲ့ အဖွဲ့ဟာ ဒီနေ့ မေလ ၅ ရက်နေ့ မောင်တောမြို့သို့ လာရောက်မယ်လို့ ပြန်လည်လက်ခံရေး တာဝန်ရှိသူက ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ကနေ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို လာကြမှာ။ ငါးခူရကနေ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းကို လာကြမှာ၊ လှဖိုးခေါင်မှာတော့ သူတို့ စားသောက်ရေးအတွက် စီစဥ်ထားတယ်။ ဝတ်ပြုဖို့နေရာတွေပါ ကော်ဇောခင်းပြီး ပြုပြင်ထားကြတယ်ဗျ။”
ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ မလာရောက်ခင် စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ပါ မေလ ၄ ရက်နေ့ကတည်းက မောင်တောမြို့ကို ကြိုတင်ရောက်ရှိနေပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက်က လာကြမှာက IDP စခန်း တာဝန်ခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ်စားပြု အိမ်ထောင်ဦးစီး ၂၁ ဦး ပါဝင်မှာ။ တရက်တည်း လေ့လာရေးပါ။ လက်ခံမယ့်နေရာကတော့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းပေါ့။”
၂၀၁၇ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူ ၇ သိန်းကျော်အနက် ဒုက္ခသည် ၁,၀၀၀ ကျော်ကို ရှေ့ပြေးစီမံချက်တခုအဖြစ် မေလကစလို့ ဒုက္ခသည်နေရပ်ပြန်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းစီစဉ်နေကြပါတယ်။
မြန်မာဘက်က လက်ခံဖို့ လျာထားတဲ့ ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၄၀၀ ပါဝင်ပြီး အဲဒီလူတွေကို မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တွေ့ဆုံ စိစစ်အတည်ပြုပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မတ်လအတွင်း ငါးမြစ်ချင်းတန်ချိန် ၂၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း ငါးမြစ်ချင်းကုန်သည်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့မတ်လမှာ ဒေါ်လာ ၃ သိန်းဖိုးလောက်ရှိတဲ့ ငါးမြစ်ချင်းတန်ချိန် ၂၀၀ ကျော်လောက်ပဲတင် ပို့နိုင်ခဲ့ကြတာလို့ ငါးမြစ်ချင်းတွေတင်ပို့နေတဲ့ ကုန်သည်ကြီးတဦးက ပြောပါတယ်။
“အရင်လတွေကဆို တန်ချိန်ထောင်ကျော်အထိ တင်ပို့ခဲ့ကြတာဆိုတော့ ကျဆင်းသွားတာပေါ့ဗျာ။ ကျဆင်းရတာက အမြတ်မရှိရင် ဘယ်ကုန်သည်မှ အရှုံးခံမပို့နိုင်ကြဘူးလေ။ အမြတ်မရှိဖြစ်ရတာက ပို့ကုန်တန်ဖိုးရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ ဒေါ်လာပေါက်စျေးနဲ့ ရောင်းချနေရတော့ ဘယ်အမြတ်ရှိတော့မလဲ။ အခုလာမယ့် ဧပြီလမှာ ပိုကျဆင်းသွားမှာ။ ဘင်္ဂလားဘဏ်တွေက Bank Draft တွေ ထုတ်ပေးမှုရပ်လိုက်တော့ ကုန်သွယ်မှု ပိုကျလာဖို့ပဲရှိတယ်။”
ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေအဖြစ် လဲလှယ်ဆောင်ရွက်ရမှာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၅ ရက်ကထုတ်ပြန်ခဲ့ပါတယ်။
ပို့ကုန်ငွေပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ဒေါ်လာပေါက်စျေးနဲ့ ရောင်းချနေကြရတာကြောင့် ကုန်သည်တွေမှာ အမြတ်အစွန်းမရှိ ဖြစ်လာပြီး ငါးမြစ်ချင်း အပါအဝင် တခြားကုန်စည်တွေပါ ကုန်သွယ်မှု ကျဆင်းလာနေတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ဇန်နဝါရီက ငါးမြစ်ချင်းတန်ချိန် ၁,၀၀၀ ကျော် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး မတ်လမှာတော့ ငါးမြစ်ချင်းတန်ချိန် ၂၀၀ ကျော်သာ ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သည်ကြီးတွေဆီက သိရပါတယ်။