ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ၂ နှစ်ကျော်အတွင်းမှာ ပြည်သူအသေအပျောက်အများဆုံး ဖြစ်စဉ်တခု ဖြစ်ခဲ့တယ်။ ရှေ့လများက လက်ယက်ကုန်းနဲ့ အနန့်ပါ လေကြောင်းဗုံးကြဲခံရမှုတွေကြောင့် ပူဆွေးဝမ်းနည်းတာ မပျောက်သေးတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က အနာထပ်မံဆွပေးလိုက်တာလည်း ဖြစ်တယ်။
အကြမ်းဖက်စစ်တပ်ဟာ လေတပ်ကို မကြုံစဖူးအောင် အလွန်အမင်း သုံးလာသလို အားကိုးအားထားပြုလွန်းလာတယ်။ အကြမ်းဖက်စစ်တပ် မျှော်မှန်းတဲ့အတိုင်း စစ်ရေးရလဒ်တချို့ အောင်မြင်မှုရနေတာကို တွေ့ရပေမဲ့ လေတပ်ရဲ့ ပရမ်းပတာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုကြောင့် အရပ်သား မိဘပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း များပြားလာတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအပေါ်မှာလည်း လေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးဘူးလားလို့ ဝေဖန်သံတွေ ညံလာတယ်။ လေယာဉ်ပစ်လက်နက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ရထားသည်ဖြစ်စေ မရသေးသည်ဖြစ်စေ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ လေတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ခြိမ်းခြောက်နိုင်ပေမဲ့ လုံးဝ အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အဆင့်ထိ လေတပ်က စွမ်းရည်ရှိရဲ့လားဆိုတာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုတယ်။
ကျနော်တို့တွေ ကမ္ဘာကြီးရဲ့ ခေတ်သစ်စစ်ပွဲ အယူအဆများကို လေ့လာကြည့်ရင် လေကြောင်းစွမ်းရည် မြင့်မားစွာ ပိုင်ဆိုင်ထားတာဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ တခြားနိုင်ငံတွေအပေါ်မှာ မဟာဗျူဟာမြောက် စစ်ရေးအရ လွှမ်းမိုးနိုင်လိမ့်မယ်လို့ တွေ့ရတယ်။
မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ၊ စွမ်းရည်မြင့်မားတဲ့ ဘက်စုံသုံး တာဝေးထိုးဖောက် ဂျက်တိုက်လေယာဉ်တွေ၊ စစ်ဘက်သုံး လူမဲ့ဒရုန်းတွေ (UAVs) အရေအတွက်များပြားစွာ ပိုင်ဆိုင်ထားတဲ့အခါ ပြိုင်ဘက်နိုင်ငံတွေရဲ့ လေးစားမှုကို ရရှိစေတာကတော့ အမှန်ပဲဖြစ်တယ်။
ဒါပေမဲ့ လေတပ်စွမ်းရည် မြင့်မားနေတိုင်းရော စစ်ပွဲတခုရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးကြဖို့ လေ့လာဆန်းစစ်ကြဖို့ လိုတယ်။
အမေရိကန်-အာဖဂန် (၂၀) နှစ် စစ်ပွဲ၊ အမေရိကန်-ဗီယက်နမ် နှစ် ၃၀ စစ်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေတဖက်သတ် လုပ်ဆောင်ခံခဲ့ရပေမဲ့ တာလီဘန်များသည် လည်းကောင်း၊ ဗီယက်ကောင်းများသည်လည်းကောင်း ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့ကြတာကို တွေ့ရတယ်။ အမေရိကန်ဟာ စစ်စရိတ် အများအပြား အသုံးပြုခဲ့၊ လေတပ်ကို အလွန်အမင်း အသုံးပြုခဲ့ပေမဲ့ တာလီဘန်တွေရော၊ ဗီယက်ကောင်းတွေရောကို အမြစ်ပြတ်တဲ့အထိ မချေမှုန်းနိုင်သလို စစ်မရှုံးပေမဲ့လည်း စစ်စရိတ်ထောင်းမှု၊ အမေရိကန်စစ်သည်များ အသေအပျောက်များမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်။
အထူးသဖြင့် အမေရိကန်သည် ဒုတိယကမ္ဘာစစ်တွင် ကြဲချခဲ့သည့် ဗုံးတန်ချိန် အရေအတွက်ထက် ပိုမိုများပြားသော ဗုံးတန်ချိန် သန်းချီ ဗီယက်နမ်တွင် ကြဲချခဲ့ပေမဲ့ ဗီယက်ကောင်းတွေဟာ လက်နက်ချ အရှုံးပေးခြင်း မရှိခဲ့ဘူး။
မြေပြင်တပ်တွေ မစိုးမိုးနိုင်တဲ့ အခြေအနေမှာ မြေပိုင်မှ စစ်နိုင်မယ်ဆိုတဲ့ အယူအဆတွေ ရှုမြင်နေကြဆဲဖြစ်ပေမဲ့ အမေရိကန်က ဂျပန်နိုင်ငံ မြို့ကြီးတွေဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီအပေါ် အနုမြူဗုံးကြဲချခဲ့ပြီး အမေရိကန် ကမ်းတက်တပ်တွေ ဂျပန်နိုင်ငံအတွင်း ခြေမချနိုင်ခဲ့ပေမဲ့ ဂျပန်က လက်နက်ချကာ ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့လို့ မြေမပိုင်လည်း စစ်နိုင်တယ်ဆိုတဲ့ မတူကွဲပြားတဲ့ ရှုထောင့်တွေအကြား ပွတ်တိုက်မှုတွေ ရှိနေဦးမှာ ဖြစ်တယ်။
အကြမ်းဖက် မြန်မာစစ်တပ်အနေနဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ၊ တာဝေးထိုးဖောက်တိုက်လေယာဉ် အရေအတွက်များစွာ ပိုင်ဆိုင်မထားပေမဲ့ ရှိနေတဲ့ တပတ်ရစ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေက တော်လှန်ရေးအင်အားစုတွေအပါ် အတိုင်းအတာတခုထိ ဟန့်တားနိုင်နေတာကို မြင်ရတယ်။
ဆိုခဲ့သလို မဟာဗျူဟာမြောက် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်မထားဘဲ လက်ရုံးတပ်တွေ၊ ခြေလျင် ခြေမြန်တပ်တွေ၊ သံချပ်ကာယာဉ်တင်ယန္တရားတွေနဲ့ ပေါင်းစပ်စစ်ဆင်တဲ့ နည်းဗျူဟာမြောက် လေကြောင်းစွမ်းအားသာ ပိုင်ဆိုင်ထားတာဖြစ်တယ်။
လက်ရှိမှာလည်း အကြမ်းဖက် မြန်မာလေတပ်အနေနဲ့ မရပ်မနား စစ်ဆင်ရေးလုပ်နေရလို့ မကြာခဏ စက်ပြင်မွမ်းမံနေရတာ၊ လေယာဉ်မှူး မလုံလောက်တာ၊ စစ်စရိတ်မြင့်တက်လာတာ ဒီပြဿနာတွေ အကြီးအကျယ် ရင်ဆိုင်နေရတယ်။ နိုင်ငံ့စီးပွားရေးကို ကုပ်သွေးစုပ် နိုင်ငံ့ဘဏ္ဍာကို ထင်တိုင်းကြဲနေနိုင်တာကြောင့် ငွေရေးကြေးရေးတော့ ဖူလုံနေသေးဟန်တူပေမဲ့ အဓိကအချက်က လေတပ်သည် မဟာဗျူဟာအဆင့်စွမ်းရည် ရှိမနေတာရော၊ ရှိနေတဲ့ လေတပ်ကလေးက အသုံးပြုမှု မြင့်တက်လာလို့ ရေရှည်မှာ စစ်ဆင်နိုင်စွမ်း ကျဆင်းလာနိုင်တာရောကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ် သိသာထင်ရှားလွန်းတဲ့ ဖိအားဆက်ပေးနိုင်ဦးမှာလားဆိုတာ စိတ်ဝင်စားစရာပဲ။
တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း လေကြောင်းရန်နဲ့ပတ်သက်တဲ့ ကြိုတင်သတိပေးစနစ် ထူထောင်လာတာတွေ၊ လေကြောင်းတိုက်ခိုက်မှုခံရရင် ဘယ်လိုတုံ့ပြန်မလဲ အသိပညာ မြင့်မားလာဦးမှာ ဖြစ်တာရယ်၊ အကြမ်းဖက်လေတပ်ရဲ့ စစ်ဆင်နိုင်မှု တစတစ ကျဆင်းလာချိန်နဲ့ ချိန်ဆသုံးသပ်လို့ရတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ လက်ရှိမှာ အကြမ်းဖက်လေတပ်အနေနဲ့ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်နေပေမဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန် ကြိုတင်သတိပေးစနစ်တွေ၊ တုံ့ပြန်နိုင်ရေး နည်းဗျူဟာတွေ ဖော်ထုတ်လာပြီး အကြမ်းဖက်လေတပ်ကို လှောင်ပြောင်နိုင်လာမလား ဆိုတာကတော့ . . . ။
မောင်မိုးမာန်
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ (၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားမှာ အကြမ်းဖက်မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က အဖိနှိပ်ခံပြည်သူ့ဘက်ကနေ ရပ်တည်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား ချေမှုန်းမယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုလိုက်ခြင်းအားဖြင့် အကြမ်းဖက်မြန်မာစစ်တပ်အနေနဲ့ လက်နက်ချအညံ့ခံလိုစိတ်မရှိဘဲ နောက်ဆုံးကျည်တတောင့် ကျန်တဲ့အထိ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံကို ဖျက်ဆီးသွားလိမ့်မယ်ဆိုတာ ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။
နိုင်ငံ့ဘဏ္ဍာကို နှစ်ပေါင်း ၇၀ ကျော် ထုတ်ယူသုံးစွဲပြီး တည်ဆောက်လာခဲ့တဲ့ အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဒေသတွင်းအင်အားအတော်အတန်ကြီးထွားပြီး နိုင်ငံတကာအဆင့် သတ်မှတ်ချက်မှာလည်း မနိမ့်ကျတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားခဲ့တာပါ။ ထိုစစ်အင်အားနဲ့ပဲ နိုင်ငံကို ၁၉၆၂ ခုနှစ် မှာ ပထမဆုံးအကြိမ် ၊ ၁၉၈၈ ခုနှစ်မှာ ဒုတိယအကြိမ်နဲ့ အာဏာသိမ်းကာ ထင်တိုင်း မင်းမူနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာလည်း တတိယအကြိမ်မြောက် ထပ်မံအာဏာသိမ်းခဲ့ပြီး ငြင်သာသိမ်မွေ့သော အာဏာထိန်းမှုလို့ ရည်ညွှန်းခဲ့ကြကာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို လအနည်းငယ်အတွင်း ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြတာပါ။
အာဏာသိမ်းပြီး သုံးလနဲ့ ငါးရက်အကြာ မေလ ၅ ရက်နေ့မှာတော့ ပြည်သူက မွေးဖွားလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်သန္ဓေတည်လာပြီး အကြမ်းဖက်မြန်မာစစ်တပ်ကို လက်လုပ်တူမီးတွေနဲ့ တော်လှန်တိုက်ခိုက်လာပါတယ်။
ဒီကနေ့ အချိန်အခါမှာတော့ နိုင်ငံနေရာအနှံ့အပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ အကြမ်းဖက်မြန်မာစစ်တပ်ကို ခြိမ်းခြောက်နိုင်လာပြီး မင်းဘာလဲ ငါဘာလဲ စိန်ခေါ်နိုင်စွမ်း ရှိလာခဲ့တာကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလကလည်း ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်နှစ် ဖြစ်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်တော့မယ့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်တင်နေကြောင်း ပြည်သူလူထု အားတက်ဖွယ် အသိပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်နှစ် ဖြစ်လာနိုင်သလားဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်တည်ဆောက်မှုအခြေအနေနဲ့ စစ်ဆင်နိုင်စွမ်းကို ခြုံငုံသုံးသပ်နိုင်ဖို့ လိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်လုပ်တူမီးသေနတ်တွေအစား ခေတ်မီ မောင်းပြန်ရိုင်ဖယ်တွေတပ်ဆင်လာနိုင်မှု၊ ပြောက်ကျားစစ်ဆင်နိုင်စွမ်း မြင့်မားလာမှု၊ ခေတ်ပညာတတ် လူငယ်တွေရဲ့ နည်းပညာပေါင်းစပ် စစ်ကစားနိုင်စွမ်းမြင့်မားလာမှု၊ တနိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းပေါင်း ၃၀၀ နီးပါးထိ ဖွဲ့စည်းလာနိုင်မှု၊ နည်းဗျူဟာနဲ့ မဟာဗျူဟာမြောက် ဟန်ချက်ညီစစ်ဆင်နိုင်စွမ်း တိုးတက်လာမှုတို့အပြင် Chain of Command လို့ ခေါ်တဲ့ ထက်အောက်ကွပ်ကဲနိုင်မှုတွေ မလွဲမသွေ တိုးတက်လာမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။
အကြမ်းဖက်မြန်မာစစ်တပ်အနေနဲ့ အင်အားပြုန်းတီးမှု များပြားနေပေမဲ့ အထိုက်အလျောက်တော့ အင်အားရှိနေသေးပြီး မြေပြင်တိုက်ခိုက်ရေးအင်အားနည်းပါးလာမှု အားနည်းချက်ကို လေတပ်ပစ်ကူနဲ့ဖာထေးနေခဲ့ရတာ ဖြစ်ပါတယ်။ အကြမ်းဖက်မြန်မာစစ်တပ်ဟာ ယခင်က တော်လှန်ရေးအဖွဲ့တွေကို သာလွန်လက်နက်အင်အားနဲ့ လိုက်လံချေမှုန်းနိုင်နေခဲ့ရာက လက်ရှိ အခြေအနေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ခြိမ်းခြောက်လာနိုင်မှုကို အသေအလဲ ခုခံကာကွယ်နေရတဲ့အဆင့်သို့ ရောက်ရှိစ ပြုနေပြီပဲ ဖြစ်ပါတယ်။
ရန်ကုန်အစိုးရလို့ အခေါ်ခံရစဉ်တုန်းကတောင် အကြမ်းဖက်မြန်မာစစ်တပ် ရင်ဆိုင်ခဲ့ရတဲ့ စစ်ရေးအကျပ်အတည်းဟာ ယခုလောက် မခက်ခဲခဲ့ပါဘူး။ ထိုစဉ်က မြို့စောင့်တပ် အနည်းငယ်လောက်ကို သာလွန်အင်အားနဲ့ ပြန်တိုက်ပြီး သိမ်းယူကာ ဖြေရှင်းနိုင်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ မြို့တိုင်း ရွာတိုင်းမှာ အနည်းဆုံး တပ်ရင်း တခုစီလောက်နဲ့ ကွက်ပြည့် စိုးမိုးနိုင်လာစ အခြေအနေ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ စစ်ဖြစ်ပွားရာဒေသတွေ ပိုမိုများပြားလာနိုင်ပြီး စစ်ဘောင်လည်း ပိုမိုကျယ်ပြန့်လာနိုင်ခြေများပါတယ်။ ဒီလို စစ်ဘောင်ချဲ့ ထိုးစစ်တွေ ဆင်နွှဲလာနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်နက်အင်အားနဲ့ လူအင်အား လုံလောက်စွာ ဖြည့်တင်းနိုင်ရေး ရုန်းကန်နေရဦးမှာဖြစ်ပြီး အကြမ်းဖက်မြန်မာစစ်တပ်အနေနဲ့လည်း ထပ်မံဖြည့်တင်းထားတဲ့ လေတပ်အားကိုးနဲ့ အသေအလဲ မျက်ကလူးဆန်ပြာ ခုခံရဖွယ် ရှိပါတယ်။
နိဂုံးချုပ်ရရင်တော့ ၂၀၂၃ ခုနှစ်ဟာ ပြည်သူ့ခုခံတော်လှန်စစ်ရဲ့ အဆုံးအဖြတ်နှစ် ဖြစ်လာနိုင်ဖို့ရာ မဖြစ်နိုင်သေးဘဲ နောက်နှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်အတွင်း အနိုင်တိုက်နိုင်ဖို့ရာ အားသာချက် အများအပြား တည်ဆောက်ယူနိုင်မယ့်နှစ်လို့ ယူဆနိုင်ပါတယ်။
လာမယ့် မေလ ၅ ရက်နေ့မှာ သက်တမ်း ၂ နှစ်ပြည့်တော့မယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ ဝါရင့်အကြမ်းဖက်မြန်မာစစ်တပ်ကို ပိုမိုခြိမ်းခြောက်လာနိုင်ပြီး ထိုးစစ်ကြီးများ ဆင်နွှဲသွားနိုင်မလား ဆိုတာကတော့ . . . ။
မောင်မိုးမာန်