ယခုရက်ပိုင်း စစ်ပြင်နေသောသတင်း အတက်များနေသည်က ရှမ်းမြောက်နှင့် ရှမ်းတောင်အစပ်ဟု ဆိုရမည့် တန့်ယန်းနှင့် မိုင်းရှူးဒေသ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ မိုင်းရှူးဒေသမှ SSPP စခန်း ၃ ခုအား ဖယ်ခိုင်းရာမှ စတင်သည်။ ပထမအကြိမ် ဇွန်လ ၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန်၊ ဒုတိယအကြိမ် ဇွန်လ ၃၀ ရက်ထား ဖယ်ရှားရန် ရာဇသံပေးခဲ့သော်လည်း SSPP က ဖယ်ရှားမည်မဟုတ်ဟု အကြောင်းပြန်သည်ကို တွေ့ရသည်။ တဖန် ဇူလိုင် ၁၄ ရက်တွင် မိုင်းနောင်တွင် ထပ်မံတွေ့ဆုံပြီး ၇ ရက်အတွင်း အကြောင်းပြန်ကြားရန် သတ်မှတ်ခဲ့သည်။ သို့သော် သတ်မှတ်ရက်ရောက်သော်လည်း SSPP က မဖယ်ရှားနိုင်ဟု အကြောင်းပြန်သည်။ သို့ဖြစ်ရာ ဇူလိုင်လ ၂၂ ရက်ခန့်တွင် မိုင်းရှူးတွင် ထပ်မံတွေ့ဆုံခဲ့သည်ဟု ကြားသိရပြီး ရလဒ်ကတော့ ပြောင်းလဲခြင်းမရှိပေ။ သို့ဖြစ်ရာ မိုင်းရှူး၊ တန့်ယန်းဒေသတွင် မြန်မာစစ်ဘက်မှ စစ်အင်အားဖြည့်တင်းခြင်း၊ သံချပ်ကားများ ရောက်ရှိခြင်း၊ လေကြောင်းကင်းထောက်မှုများ ပြုလုပ်သည့်သတင်းများ ကြားရသကဲ့သို့ SSPP နှင့် မဟာမိတ်များဘက်ကလည်း စစ်အင်အားဖြည့်တင်းခြင်း၊ လူထုအား လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်များ ထုတ်ပြန်ခြင်း၊ တနေရာတွင် သေနတ်သံမြည်ပါက နေရာအနှံ့တွင် သေနတ်သံမြည်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်သည်ကို တွေ့ရသည်။
တကယ်တော့ SSPP စစ်စခန်းများ ဆုတ်ခိုင်းခြင်းသည် ၂၀၂၂ မတ်လကုန်မှ စတင်သည်။ SSPP မဟာမိတ်များနှင့် RCSS တို့ စစ်ရေးပဋိပက္ခအပြီး ပင်လုံ-ဆနင်းတောင်၊ မိုင်းကိုင်-ဆင်တောင်၊ ကျေးသီး-လွယ်ဟွေးတောင်တို့ရှိ SSPP နှင့် မဟာမိတ်များ ထိန်းချုပ်ထားသည့် စခန်းများအား ဆုတ်ခွာရန် သတိပေးသည်မှ စတင်သည်။ နောက်ပိုင်းတွင် မိုင်းရှူးမြောက်ဘက်ရှိ စခန်း ၃ ခုကို အဓိကထား ဆုတ်ခွာခိုင်းလာသည်ကို တွေ့ရသည်။ ထိုစခန်းများမှ SSPP မဆုတ်ခွာသဖြင့် နေပြည်တော်တွေ့ဆုံပွဲပင် နောက်ရွှေ့သွားသည်ကို တွေ့ရသည်ကို။
မိုင်းရှူးမြောက်ဘက် လွယ်နိုင်းအနီး စခန်းသုံးခု အဘယ်ကြောင့်အရေးပါသည်ကို ဆန်းစစ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။ ထိုစခန်းများသည် မိုင်းရှူးမြောက်ဘက် လွယ်နိုင်းနှင့် လွယ်နိုင်းအရှေ့ဘက် သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ လွယ်ကျေးတောင်ကြောတဝိုက်ရှိ စခန်းများ ဖြစ်သည်။ သံလွင်မြစ်ကူး ကူးတို့တခုဖြစ်သည့် တာဆွတ်နန်အား ထိန်းချုပ်ထားသည့်စခန်းများ ဖြစ်သည်။ တာဆွတ်နန်ကူးတို့မှ သံလွင်မြစ် အရှေ့ဘက်ကမ်းသို့ ကူးပါက UWSA ထိန်းချုပ်နယ်မြေ ပန်ယန်းသို့ ရောက်ရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခု ဖယ်ရှားခိုင်းသော SSPP စခန်း ၃ ခုသည် UWSA ထိန်းချုပ်ဒေသနှင့် SSPP ထိန်းချုပ်ဒေသကြား အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သဖြင့် နှစ်ဖက် အသည်းအသန် ရင်ဆိုင်နေခြင်း ဖြစ်သည်။
UWSA ထိန်းချုပ်ရာဒေသသို့ ပုံမှန်သွားသည့် ဆက်သွယ်ရေးလမ်းကြောင်းမှာ တန့်ယန်းအရှေ့ဘက် သံလွင်မြစ်အား တာကော်အက်တံတားမှဖြတ်၍ မန်မန်းဆိုင်၊ ဝိန်းကောင်၊ နောင်ခေတ်တို့အားဖြတ်၍ ပန်ဆန်းသို့သွားသည့် ကားလမ်းဖြစ်သည်။ တန့်ယန်း၊ တာကော်အက်တံတားတို့အား မြန်မာစစ်ဘက်မှ ချုပ်ကိုင်ထားပြီး မန်မန်းဆိုင်တွင် မြန်မာစစ်ဘက်နှင့် UWSA တပ်ဖွဲ့များ ရင်ဆိုင်ထားသည်။ သို့ဖြစ်ရာ SSPP နှင့် UWSA တပ်ဖွဲ့များ လိုသလိုသွား၍မရပေ။ သို့ဖြစ်ရာ တာဆွတ်နန်ကူးတို့သည်လည်းကောင်း၊ ထိုကူးတို့ဆိပ်အား ထိန်းသိမ်းထားသည့် စခန်းများသည်လည်းကောင်း SSPP အတွက်ရော သူ၏မဟာမိတ် UWSA အတွက်ရော အရေးပါနေသည်။ ၂၀၂၁ မေလကုန်မှာ RCSS အား တိုက်ခိုက်ရာတွင် UWSA တပ်ဖွဲ့များသည် SSPP တပ်ဖွဲ့များအား ပါဝင်ကူညီ တိုက်ခိုက်ပေးသည်ဟု မြေပြင်သတင်းအရ သိရရာ ထို UWSA တပ်ဖွဲ့များ၏ ထောက်ပို့အတွက်လည်း ထိုလမ်းကြောင်းသည် အရေးပါနေသည်။ အလားတူ SSPP အတွက်လည်း အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်သည်။ ရှမ်းတောင်ရှိ SSPP နှင့် မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှုများအတွက် အသက်သွေးကြောလည်း ဖြစ်နေသည်။
သို့သော် မိုင်းရှူးတနေရာတည်း စစ်ပြင်နေသည်တော့ မဟုတ်ပေ။ တန့်ယန်းတွင်လည်း စစ်ပြင်နေသည်ဟု သိရသည်။ တန့်ယန်းအရှေ့ဘက် မန်မန်းဆိုင်ဒေသတွင်လည်း UWSA တပ်များ ထောင်ချီ၍ စစ်ပြင်နေသည်ဟု သတင်းများပေါ်ထွက်နေရာ တိုက်ပွဲဖြစ်ပွားပါက မိုင်းရှူးမြောက်ဘက်တွင်သာမက တန့်ယန်းဘက်သို့ပါ စစ်မျက်နှာ ဖွင့်လာနိုင်သည်ကို တွေ့ရသည်။ ထို့ပြင် သံလွင်အရှေ့ခြမ်း ပန်ယန်းတောင်ဘက် မော်ဖာဒေသသည် မြန်မာစစ်ဘက် ထိန်းချုပ်သည့်ဒေသဖြစ်ရာ ထိုဘက်တွင်လည်း စစ်မျက်နှာတခု ပေါ်လာမည်လော စိတ်ဝင်စားဖွယ်ဖြစ်သည်။ စစ်ပွဲဖြစ်ပွားလျှင် မိုင်းရှူးတနေရာတည်းထက် ဆက်စပ်နေရာများတွင် ဖြစ်ပွားနိုင်သည်ဟု နှစ်ဖက်လုံးက တွက်ချက်ပြင်ဆင်နေပုံရသည်။ မိုင်းရှူး၊ တန့်ယန်း၊ မော်ဖာဒေသတို့သည် မတူသည့် စစ်တိုင်းဌာနချုပ်သုံးခုတွင် ပါဝင်နေခြင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းတောင်တခွင်လုံးသာမက ရှမ်းအရှေ့ပါ စစ်မီးကူးစက်သွားနိုင်မည်လော ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ မိုင်းရှူးမြို့နယ်တွင်းရှိ စခန်း ၃ ခု၏ အချက်အချာကျမှုက စစ်ပွဲအတွက် အရေးပါသည်။ နောက်ဆက်တွဲ သက်ရောက်မှုများစွာလည်း ရှိနိုင်ပေရာ ထိုအချက်အချာကျမှုက ညှိနှိုင်းဖြေရှင်းရန် ခက်ခဲသကဲ့သို့ သက်ရောက်မှုလည်းကြီးသည်။ ဆက်စပ်မှုလည်းများသည်။ ထို့ပြင် ရှမ်းပြည်စစ်ပွဲကို ပြန်လည်စတင်စေတော့မည်လော ဆိုသည်က စိတ်ဝင်စားဖွယ် ဖြစ်တော့သည်။ ပြည်တွင်းစစ်နှင့်အတူ ပေါက်ဖွားလာသော မြန်မာပြည်ကြီးသည် စစ်နှင့်ပတ်သက်၍ အသားကျ ယဉ်ပါးနေပုံရပေသည်။
မောင်မောင်စိုး
(ဆရာမောင်မောင်စိုး ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားသည့်ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ )
ပထမအချက်
တရုတ်တို့သည် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရန်လိုလားသည် သို့မဟုတ် အာဏာရှင် စနစ်လိုလားသည်ဆိုသည့် ကောက်ချက်အနက် တခုခုကိုသာ ကောက်ချက်ချရမည်ဆိုပါက တရုတ် ၏ မြန်မာပြည်နှင့်ပတ်သက်သည့် သဘောထားကို ပြည့်စုံစွာဖော်ပြ၍မရနိုင်ပါ။
ယခုအချိန်တွင် တရုတ်သည် ၎င်းနှင့် ဆက်ဆံသည့် မြန်မာပြည်ဖြစ်စေ၊ အခြားနိုင်ငံများတွင်ဖြစ်စေ မည်သည့်စနစ် ကျင့်သုံးသည်ဆိုသည်ကို သူ အလေးမထားပါ။ သူ အလေးထားသည်မှာ မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ တည်ငြိမ်သောအစိုးရနှင့် နိုင်ငံဖြစ်ရန်သာ လိုလားသည်။ လက်ရှိကာလ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်နေသော တရုတ်အဖို့ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်သော အစိုးရများနှင့်သာ သူ၏ မဟာဗျူဟာ အောင်မြင်မည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာပြည်တွင် အာဏာရှင်စနစ် ကျင့်သုံးသည်ဖြစ်စေ၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ တရုတ်အတွက် အရေးမကြီးပေ။ တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်သော အစိုးရမျိုးသာ တရုတ်တို့ လိုလားသည်ဟု ဆိုရမည်။
တရုတ်နှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားလာပါက တရုတ်အား ရိုက်ခတ်နိုင်သဖြင့် တရုတ်တို့ မလိုလားဟု အချို့က ယူဆကြသည်။ တကယ်တော့ မြန်မာပြည်တွင် မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြန်မာပြည်အား တရုတ်ပြည်သူများ အားကျလိမ့်မည် မဟုတ်ပါ။ ထို့ပြင် တရုတ်နှင့် အိမ်နီးချင်း အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေသည်မှာ နှစ် ၇၀ ကျော်ကြာပြီဖြစ်ရာ မြန်မာပြည်တွင် ဒီမိုကရေစီကရေစီစနစ် ထွန်းကားခြင်းဆိုသည်မှာ တရုတ်တို့အတွက် ကိစ္စသေးတခုမျှသာ ဖြစ်သည်။
ဒုတိယအချက်
တရုတ်နှင့်ပတ်သက်၍ အများကြည့်မြင်ကြသော အကြောင်းအရာတခုမှာ တရုတ်တို့သည် မြန်မာပြည်အရေးအား ချဉ်းကပ်ရာတွင် မြန်မာလူထုနှင့် ဆက်ဆံမှုကို အလေးထားသလော သို့မဟုတ် အာဏာရှိ အစိုးရနှင့် ဆက်ဆံမှုကို အလေးထားသလောဆိုသည့် အကြောင်းအရာ ဖြစ်သည်။
လက်တွေ့ မြန်မာပြည်အရေးနှင့်ပတ်သက်၍ တရုတ်တို့ ချဉ်းကပ်ဆက်ဆံလာသည်မှာ မြန်မာပြည်ရှိ key player များဟု ဆိုရမည့် မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နယ်ပယ်များရှိ အဆုံးအဖြတ်ပေးနိုင်သည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းကို တလျှောက်လုံး လုပ်ဆောင်လာသည်ဟု ဆိုရမည်။
တရုတ်တို့သည် အစိုးရနှင့်သာ ဆက်ဆံ၍ လူထုနှင့် မဆက်ဆံ၊ သို့မဟုတ် လူထုနှင့်သာ ဆက်ဆံ၍ အစိုးရအား မဆက်ဆံဆိုသည့် အခြေအနေမျိုး မရှိပေ။ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တွင် သော့ချက်ကျသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းသည် တရုတ်တို့ ကျင့်သုံးသည့်ပေါ်လစီ ဖြစ်သည်။
တတိယအချက်
မြန်မာပြည်နှင့်ပတ်သက်၍ ချဉ်းကပ်ရာတွင် တရုတ်နှင့် အမေရိကန်အပါအဝင် အနောက်တိုင်းတို့ ချဉ်းကပ်ပုံ တူညီချက်မှာ—
၁။ ၎င်းတို့၏ မဟာဗျူဟာအရ ချဉ်းကပ်ကြည့်မြင်ခြင်း ဖြစ်သည်။ (သို့ဖြစ်ရာ မဟာဗျူဟာအရ အရေးပါသော အခြားကိစ္စများ ရှေ့ရောက်ပါက မြန်မာကိစ္စသည် နောက်ရောက်သွားလေ့ရှိသည်။)
၂။ ၎င်းတို့အကျိုး၏ စီးပွားရေးအခြေခံပေါ်မှ ကြည့်မြင်ခြင်း ဖြစ်သည်။
၎င်းတို့ မြန်မာ့အရေးချဉ်းကပ်ပုံ မတူညီချက်မှာ—
အမေရိကန်နှင့် အနောက်တိုင်းက—
၁။ ကြေညာချက်အများအပြား ထုတ်ပြန်လေ့ရှိကြသည်။ သို့သော် လက်တွေ့လုပ်ဆောင်မှု အားနည်းသည်။
၂။ ၎င်းတို့၏ စံတန်ဖိုးများ၊ ပေတံများဖြင့် မြန်မာပြည်ပြဿနာကို တိုင်းထွာသုံးသပ်လေ့ ရှိကြသည်။ (ဤသို့ ချဉ်းကပ်မှုအား အချို့က ပြည်သူဘက်က ရပ်တည်သည်ဟု ရှုမြင်လေ့ရှိကြသည်။)
တရုတ်တို့က—
၁။ ကြေညာချက်ထုတ်ပြန်လေ့ မရှိ။ လက်တွေ့လုပ်ဆောင်စရာရှိသည်ကို ခပ်သွက်သွက် လုပ်ဆောင်လေ့ရှိသည်။
၂။ တရုတ်တို့က မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တို့မှ သော့ချက်ကျသူများနှင့် ထိတွေ့ဆက်ဆံပြီး ချဉ်းကပ်လေ့ရှိသည်။ စံတန်ဖိုးများ၊ ပေတံများ သုံးလေ့မရှိကြ။ လက်တွေ့အကျိုးမျှော်ဝါဒီများ pragmatist များ ဖြစ်ကြသည်။
နိဂုံး
လက်တွေ့ မြန်မာ့အရေးချဉ်းကပ်ရာတွင် ကုလသမဂ္ဂ၌ အမေရိကန်နှင့် ညှိနှိုင်းခြင်း၌ ဖြစ်စေ၊ အာဆီယံအား ရှေ့တင်ပြီး အာဆီယံမှတဆင့် အဖြေရှာရန် ကြိုးပမ်းရာ၌ဖြစ်စေ တရုတ်က ရှေ့ရောက်နေသည်ဟု သုံးသပ်ရပါသည်။
မောင်မောင်စိုး