“အံ့ဩလို့ရယ် ကုန်နိုင်ပေါင် သုံးနိုင်ငံကြီးများတောင် ~~~~ အံ့ဩလို့ရယ် ကုန်နိုင်ပေါင် သုံးနိုင်ငံကြီးများတောင်”
သတင်းသမားလေး ကိုရေအေး ခြံရှေ့ထွက်ထိုင်ကာ ချမ်းချမ်းစီးစီး နံနက်ခင်းအလှကို ခေါပုတ်ကင်၊ ရေနွေးကြမ်း မြည်းနေခိုက် ပါးစပ်က ပွစိပွစိရွတ်ပြီး ရောက်လာတာကတော့ တဖက်ခြံက ကိုတတ်ပပါပဲ။ ရပ်ကွက်ထဲ သူမသိ သူမတတ်တာ မရှိ၊ ပါလေရာ ငါးပိမို့ သူ့ကို ကိုတတ်ပလို့ ရပ်ကွက်က အနွတ္တသညာ ပြုထားကြတာရယ်။
“လာဗျာ.... ကိုတတ်ပ၊ ခေါပုတ်နဲ့ ရေနွေးကြမ်း မြည်းလှည့်ဦး၊ ဒါနဲ့ ပါးစပ်က ပွစိ ပွစိ ရွတ်နေတာက ဘာတွေလဲဗျ၊ ခေတ်ပေါ် ရက်ပ်စာသားတွေလား”
ကိုရေအေးရဲ့ ဖိတ်မန္တကမှ မဆုံးသေး၊ ကိုတတ်ပက ကွပ်ပျစ်တဖက်ခြမ်းကို ဝင်ထိုင်လိုက်ရင်း-
“အာ .... ဘယ်ကလာ ရက်ပ်စာသားရမှာလဲဗျာ၊ ဒါနဲ့ ဒီကိစ္စကို ဆရာအေး မသိသေးဘူးလား”
“ဘာကိုသိရမှာလဲဗျာ၊ ခက်ပါဘိ၊ ဒီမှာက အခုမှ လွတ်လပ်ရေးနေ့ နံနက်ခင်းအရသာကို ရေနွေးကြမ်းလေးနဲ့ မြည်းကောင်းနေတာဗျ”
“ခွကျတာပဲ ဆရာအေးရာ၊ ကျုပ်လည်း လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တာကို ပြောနေတာပါ၊ တကယ်ဆို ဆရာအေးက သတင်းသမားဖြစ်ပြီး ဒီကိစ္စမျိုးကို ဂိုးခနဲ ဂွပ်ခနဲ အပ်တူဒိတ် သိထားသင့်တာဗျ”
ကဲ ... ကြည့်။ ကိုတတ်ပ ဆိုတာ အဲဒီလိုပါဆို။ သူသိ၊ သူကြားထားကို ဘယ်တော့မှ ဖြောင့်ဖြောင့်မပြော၊ သူများကို အလှော်လေး အခတ်လေး လုပ်ပြီးမှ ပြောတတ်တာကလား။ ဒါ့ကြောင့်လည်း ရပ်ကွက်က ငေါ့ပြီး တတ်ပလို့ သညာပြုလိုက်ကြတာပေါ့။ ကိုရေအေးကတော့ အကြောင်းသိဖြစ်လို့ ဒေါသမဖြစ်တော့ပါဘူး။ ကျုပ်မသိသေးဘူး၊ ဆိုစမ်းပါဦးဗျလို့ စကားလမ်းကြောင်း ပေးလိုက်တော့တာရယ်။ စကားလမ်းကြောင်းပွင့်ပြီဆိုတာနဲ့ မစ္စတာတတ်ပက မြန်မာပေါကားတွေထဲကလို ချောင်းဟန့်ရင်း အတန်းရှင်းယူနေသေးတာ။
“အဟမ်း၊ အဟမ်း.... ဒီလိုလေဗျာ၊ ဒီနေ့ လွတ်လပ်ရေးနေ့မှာ မအလရဲ့ စစ်ကောင်စီဆီကို လွတ်လပ်ရေးသဝဏ်လွှာပို့တာ သုံးနိုင်ငံပဲ ရှိတယ်တဲ့ဗျ။ ဒါ့ကြောင့် အံ့ဩလို့ရယ် ကုန်နိုင်ပေါင် သုံးနိုင်ငံကြီးများတောင်လို့ ရွတ်နေတာဗျ။”
“ဟား ဟား အဲဒီလိုလား၊ ကျုပ်ဖြင့် သတင်းတွေ မကြည့်ရသေးလို့ သိပေါင်ဗျာ”
“ပို့တာက ဟွန်ဆန်ရယ်၊ ပူတင်းရယ်၊ ပွတ်ရှ်ပရယ်၊ သုံးနိုင်ငံတည်း ရှိတာတဲ့”
“အမ်၊ ပွတ်ရှ်ပ က ဘယ်ကလဲဗျ”
“နီပေါလေ ဆရာအေးရဲ့ နီပေါဝန်ကြီးချုပ် Pushpa Kamal Dahal ကို ပြောတာ”
ဒါကြောင့် ကိုတတ်ပက ကိုတတ်ပ ပါဆို။ တော်ရုံလူမသိနိုင်တဲ့ နီပေါဝန်ကြီးချုပ်အမည်လည်း အလွတ် အာဂုံဆောင်ထားနိုင်တယ်။ သတင်းသမားလေး ကိုရေအေးတောင် ရုတ်တရက်ဆိုတော့ ခေါင်းထဲ ဖော်မရ။
“သုံးနိုင်ငံရှိတာကို တော်သေးတယ်လို့ ပြောရမှာပါ့ဗျာ”
ကိုရေအေး အပြောကို ခေါပုတ်ကင်တဖတ် ယူဝါးရင်း ကိုတတ်ပက ခေါင်းညိတ်ထောက်ခံတယ်။
“အဲဒါကြောင့် မအလရဲ့ စကစကို အဖက်လုပ်တဲ့နိုင်ငံသုံးခု ရှိနေသေးတာကို အံ့ဩလွန်းလို့ပါဆိုဗျာ၊ ဟီဟိ”
“ဒါနဲ့ တရုတ်ကရော မပို့ဘူးလား”
“ဪ.... တချိန်က မဟာမိတ်ကြီးက ခုတော့ ခြေလှမ်းတွေ ရုပ်သိမ်းစပြုနေသဗျ၊ မအလကလည်း အဖေကျော် ပထွေးတော်ကို လှမ်းလွမ်းတာကိုး၊ ငပူတင်းနဲ့ ပလူးပလဲ လုပ်လွန်းနေတော့ ဇိနက သိပ်ကြည့်မရ ဖြစ်သွားပုံပဲဗျ၊ ဟဲဟဲ၊ ဝမ်ယိ မဲခေါင်-လန်ခြမ်း အစည်းအဝေး လာတုန်းကလည်း မအလကို လှန်တောင် ကြည့်မသွားဘူးလေ၊ မချချင်တော့လို့ နေမှာပေါ့၊ ရွံသွားလို့နေမှာပေါ့”
“အာာ၊ ဘာကို လှန်ကြည့်မသွားတာလဲဗျ”
“ဟဲဟဲ၊ မျက်လုံးနဲ့တောင် လှန်ကြည့်မသွားဘူး ပြောတာဗျာ၊ မျက်လုံး.... မျက်လုံး၊ မချဘူးဆိုတာက နေပြည်တော်မှာတောင် ဖင်ချမသွားဘူး၊ ဝင်ထိုင်မသွားဘူးလို့ ဆိုလိုတာပါ၊ ဟားဟား”
တဟားဟား ရယ်နေရာကနေ ကိုတတ်ပ မျက်နှာက တည်သွားပြန်တယ်။ မျက်မှောင်ကို တချက်ကုတ်ရင်း-
“ဆရာအေး .... ဒီမအလတသိုက်လည်း ကြောက်တော့ ကြောက်နေကြပုံပဲဗျ၊ သိလား” လို့ မေးပြော ပြောလာပြန်တယ်။
“ကြောက် မကြောက်တော့ မသိဘူး၊ ဒင်းက နပတမှာတော့ ဗိုလ်ရှုခံနေတာပဲ”
“အောက်ကကောင်တွေ ကြောက်မှာစိုးလို့ ဟန်ကိုယ့်ဖို့ လုပ်နေကြတာပါဗျာ၊ မင်းကင်းမောင်မြင့်တောင် ပထွေးကယ်ပါ .... ရှီကျင့်ကယ်ပါလို့ ‘တ’ နေရပါပကောလား”
“ဟမ် ..... မစ္စတာမောင်မြင့်က ဘာတွေပြောလာပြန်လို့လဲ”
“ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုတော့ လန့်လာပုံပဲဗျ၊ သတိကြီးကြီးထားပြီး လေးစားလိုက်နာပြဖို့ လိုတယ်လို့ ပြောသွားသဗျ၊ ဒါ့အပြင် တရုတ်ကိုလည်း သတိပေးစကားတွေ ပြောသွားသေး”
“အင်း ... ဟုတ်ပါပြီ၊ ဘယ်ဘာသာစကားနဲ့ ပြောတာလဲ”
“ဗမာလို”
“ခွီး၊ ဖရူးဖရူး၊ ထပ်သရီး”
ကိုတတ်ပရဲ့ ဗမာလိုဆိုတဲ့ တုံ့ပြန်စကားကြားပြီး ကိုရေအေးမှာ သောက်လက်စ ရေနွေးကြမ်း သီးပါလေရော။
“ထပ်သရီး.... နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်းကြီးက ဗမာလိုပြောပြီး တရုတ်ကို သတိပေးနေသတဲ့လား၊ ဟားဟားးးး ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျောပါလား ကိုတတ်ပရယ်”
“အို၊ ဆရာအေးကလည်း သူက ဘုရားစူး နိုင်ငံခြားရေးဝန်ကြီးလေဗျာ၊ အင်္ဂလိပ်လို ပြောတတ်ဘူး၊ တရုတ်လိုကျ ဝေးစွ၊ မိုးကျရွှေကိုယ် နိုင်ငံခြားရေးဝန်ကြီးဟောင်းကြီးလေဗျာ၊ ဟားဟားးး၊ ဒါနဲ့ တရုတ်ကို ဘယ်လိုသတိပေးသွားတယ်ထင်လဲ”
“ဆိုစမ်းပါဦး”
“ဒီနေရာမှာ တရုတ်နိုင်ငံဘက်ကိုလည်း ကျနော်က မေတ္တာရပ်ခံတင်ပြချင်တာ ဘာလဲဆိုတော့ ကျနော်တို့ ရပ်တည်နေရတာက ကျဉ်းထဲကြပ်ထဲ အခြေအနေဖြစ်တယ်၊ ဒီအခြေအနေမျိုးမှာ မဆိုကောင်း မပြောကောင်း၊ ကျနော်တို့သာ ကစဉ့်ကလျားဖြစ်သွားမယ်ဆိုရင် ခင်ဗျားတို့လည်း၊ ကိုယ့်ဘာသာ စဉ်းစားထားကြပေါ့၊ ဒါပဲပေါ့၊ အိမ်နောက်မှာ ပူလို့ရှိရင်တော့ ခင်ဗျားတို့ အိမ်ရှေ့မှာလည်း ချမ်းသာစရာ အကြောင်းမရှိဘူး၊ ခုချိန်မှာ ခင်ဗျားတို့ပြောနေတဲ့ ‘One Belt One Road’ တို့လည်း ဖြစ်လာစရာ အကြောင်းမရှိဘူးတဲ့ဗျာ”
“အလဲ့ .... သောက်ကျိုးနဲ၊ တရုတ်ကို မေတ္တာရပ်ခံနေတာလား၊ သဟောက်သဟမ်း လုပ်နေတာလား မကွဲပြားဘူးဟ”
“အမှန်ပဲ ဆရာအေး၊ မိုးကျရွှေကိုယ် နိုင်ငံခြားရေးဝန်ကြီးဟောင်းကြီးရဲ့ ဒီပလိုမေစီ ကျွမ်းကျင်နိုင်နင်းပုံက အာ့လို အာ့လို၊ ဒါနဲ့မပြီးသေးဘူးဗျို့၊ အာဆီယံနိုင်ငံတွေကိုပါ သောက်ရှက်ခွဲသွားသေးတာ၊ တရုတ်ကသာ ဟေ့လို့ တချက်ပြောလိုက်တာနဲ့ အာဆီယံနိုင်ငံတွေက ငြိမ်ဝပ်သွားမှာပါတဲ့ဗျား ..... ဟားဟားးး”
ကိုတတ်ပ စကားလုံးဆုံးရော သတင်းသမားလေး မောင်ရေအေးလည်း မှတ်ချက်တခု ပြုမိတော့တာပါပဲ။
“မိုးကျရွှေကိုယ် နိုင်ဂံချားရေးဝန်ကြီးရဲ့ ဒီပလိုမေစီက ညစ်ပတ်တဲ့ ကတုံးတွေမှာ ပေါက်တဲ့ ဒက်ချီးလို ရွံရှာဖွယ်ကောင်းတဲ့ ဒက်ပလိုမေစီကြီးပါလား၊ သောက်ကျိုးနဲ ထရိုက်ချင်စရာပါတကား” ဟူ၍။
အညာတမာ ကလိသည်။