ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့၊ ချမ်းမြေ့သာယာ ၁၃ ရပ်ကွက်၊ စစ်ချောင်းအနီးမှာ အောက်တိုဘာ ၁၂ ရက် ည ၁၀ နာရီကျော်လောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
“ထိခိုက်တာ ပျက်စီးတာက သိဖို့မလွယ်ဘူး။ ဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ် ရောက်လာပြီး စစ်ဆေးနေတယ်။ ဖြစ်တဲ့အချိန်က ညမထွက်ရအချိန်ဖြစ်တယ်”လို့ မော်ကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မော်ကျွန်းမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်အထိရှိပြီး အခုဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးအဖွဲ့က ပြည်သူတွေမလိုအပ်ဘဲ အပြင်မသွားဖို့၊ အကြမ်းဖက်စစ်တပ် ရဲစခန်းတွေ မသွားကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလအတွင်း ဧရာ၀တီတိုင်းမှာ စစ်အုပ်စုနဲ့ ပစ်မှတ်တွေ ဗုံးခွဲတိုက်ခိုက်ခံရတာ ၊ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရတာတွေ နေ့စဉ်လိုလိုရှိနေသလို အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေကလည်း အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်မှာ ပြည်သူ့စစ်၊ မဘသနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး ပြည်သူလူထုတွေဆီကနေ အလှူငွေအမည်ခံ အဓမ္မဆက်ကြေးတောင်းခံနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဧပြီလ ၇ ရက်နေ့ကစတင်ကာ မော်ကျွန်း နာရေးကူညီမှုရုံးကို စစ်တပ်နဲ့ ရဲက ဝင်စီးပြီးနောက် သူတို့စိတ်ကြိုက်လူတွေခန့်အပ်ခဲ့ကာ အဲ့လူတွေက ဆက်ကြေး အလှူငွေကောက်ခံနေတာလို့ ဒေသခံတွေကပြောပါတယ်။
“နာရေးရုံးကို ဝင်စီးတယ်။ ပြီးတော့ သူတို့စိတ်ကြိုက် မဘသနဲ့ စစ်တပ်ထောက်ခံတဲ့သူတွေကို ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ထားသွားတယ်၊ တမြို့လုံးက သဘောမတူပေမယ့် ငြိမ်နေရတယ်။ ခုနောက်ပိုင်း အလှူငွေဆိုပြီး ဆက်ကြေးတောင်းခံတာမျိုး ပြည်သူ့စစ်နဲ့ပေါင်းပြီး လုပ်လာတာ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နာရေးရုံးမှာ မဘသအဖွဲ့ဝင်တွေကရုံးထိုင်ပြီး ရန်ပုံငွေလိုအပ်ချက်ကို အကြောင်းပြကာ အိမ်တိုင်းကို ကျပ် ၁၀၀၀ မှ ၅၀၀၀ ကြား လစဥ်ပေးအပ်ခိုင်းတာနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံတောင်းခံနေတာလို့လည်း ပြောပါတယ်။
နောက်ပိုင်းမှာ ဒေသခံပြည်သူတွေက မပေးတာများလို့ ပြီးခဲ့တဲ့လပိုင်းကဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တွေကိုခေါ်ပြီး ခြိမ်းခြောက်ဆက်ကြေးတောင်းတဲ့ပုံစံ ပြုလုပ်လာတာပါ။
မော်ကျွန်းဒေသခံပြည်သူတွေဆီက ပြည်သူ့စစ်၊ မဘသနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆက်ကြေးတောင်းခံနေပေမဲ့ ကိုဗစ်-၁၉ ရောဂါပတ်သက်ပြီး လူထုကို အကူညီပေးတာမရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။