close

မော်တော်ယာဉ်ဖြတ်သန်းခွင့်

close

December 19, 2022

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်‌တပ်က မော်တော်ယာဉ်ဖြတ်သန်းခွင့် ပိတ်ထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာမှာ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ KNLA တပ်မှူးတဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းကို အင်အား ၆၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကား ၃ စီးနဲ့ ရောက်ရှိလာပြီးနောက် အဲဒီကတဆင့် မြို့ဟောင်းကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့ရာက နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတာပါ။

KNLA တပ်မှူး စောကျော်သက်က “တိုက်ပွဲဖြစ်တာဟုတ်တယ်။ လက်ရှိအခြေအနေကတော့ ပြောလို့မရသေးဘူး။ အခုထိတော့ တိုက်ပွဲဖြစ်နေတုန်းပဲ” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့ခံပြည်သူတဦးက “တိုက်ပွဲဖြစ်တာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါ ပစ်နေတယ်။ အသေးသံကော အကြီးသံကော ကြားနေရတယ်။ အခု မိသားစုတွေအကုန်လုံး အိမ်ထဲမှာပဲ နေနေရတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစတင်ပြီး ကော့ကရိတ်မြို့အဝင် တံတားကျိုးဂိတ်ကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ယာဉ်ဖြတ်သန်းသွားလာမှု ပိတ်လိုက်တဲ့အတွက် ခရီးသည်ယာဉ်တွေနဲ့ ကုန်စည်ယာဉ်တွေ ရပ်နားထားရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အဆိုပါ တံတားကျိုးဂိတ် ပိတ်လိုက်တဲ့အတွက် မြဝတီကိုသွားရောက်မယ့် ခရီးသည်တွေနဲ့ ကုန်စည်ယာဉ်တွေဟာ လမ်းဘေးဝဲယာတလျှောက် ရပ်နားထားရတဲ့အတွက် လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့ခံ ပြည်သူတဦးက “ကော့ကရိတ်တံတားကျိုးဂိတ်ကို ဒီမနက်ပဲ ပိတ်လိုက်ပြီ။ ဘယ်အချိန်ပြန်ဖွင့်မယ် မပြောတတ်ဘူး။ အခုလောလောဆယ် ပိတ်ထားတယ်။ အတက်ကား အဆင်းကား မရှိတော့ဘူး” လို့ ပြောပါတယ်။

ကော့ကရိတ်တံတားကျိုးဂိတ်ဟာ ဘားအံ-မြဝတီ အာရှလမ်းမပေါ်မှာတည်ရှိပြီး မြဝတီမြို့ကတဆင့် နယ်စပ်ကုန်သွယ်မှုအတွက် အရေးပါတဲ့လမ်းဖြစ်သလို  စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၃၁ တပ်ရင်းကို KNLA ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၇ ဦးသေဆုံးပြီး MA2 သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက Mi 35 ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းပစ်ကူလုပ်ခဲ့သလို မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားရာ လမ်းကြောင်းတလျှောက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီက နေ့ရောညပါ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ပျံသန်းနေတာတွေကြောင့် မြို့ခံပြည်သူတွေနဲ့ ကျေးရွာအနီးအနားက ဒေသခံပြည်သူတွေဟာ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောက်လန့်ပြီး ညစဉ် ကတုတ်(ဗုံးခို)ကျင်းတွေထဲ အိပ်စက်ရတာ၊ ရွာပုန်းရွာရှောင် အိပ်စက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 mins Ago
Up