close

မော်တော်ယာဉ်များ

close

August 18, 2022

မြဝတီကုန်သွယ်ရေးဇုန်မှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များအားလုံး ထွက်ခွာရန် စစ်ကောင်စီညွှန်ကြား

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်အတွင်းမှ ဝန်ထမ်းတွေနဲ့ ကုန်သွယ်မော်တော်ယာဉ်တွေအားလုံး တစ်နာရီအတွင်းထွက်ခွာကြဖို့ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာမှူးက ညွှန်ကြားထားတယ်လို့ ဒေသခံ ကုန်သည်တွေထံက သိရပါတယ်။

ဘာကြောင့် စစ်ကောင်စီက အခုလိုညွှန်ကြားတယ်ဆိုတာ မသိရသေးပေမဲ့  အခုရက်ပိုင်းတွေမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်စခန်းနဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံနေရပြီးနောက် အခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။

မြဝတီနဲ့ ရန်ကုန် ပြေးဆွဲတဲ့ ခရီးသည်တင်လိုင်းကားတွေနဲ့ ကုန်တင်ယာဉ်တွေကိုလည်း စစ်ကောင်စီတပ်တွေက ပိုမိုစည်းကမ်းတင်းကျပ် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ 

မြဝတီ ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ ကုန်သွယ်မှုအများဆုံးနေရာဖြစ်ပြီး  မြဝတီမြို့မှ ပြည်မကြီးကို ကုန်စည်စီးဆင်းမှုမရှိပါက မြန်မာပြည်သူလူထုတွေ စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကို စိုးရိမ်တယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

မြဝတီမြို့ သင်္ဃန်းညီနောင်အနီး အာရှလမ်းမကြီးမှာ  သြဂုတ် ၁၈ ရက် ဒီကနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွါးပြီး  KNLA ဘက်က တယောက်ကျဆုံး၊  နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ကျဆုံးထိခိုက်မှုကို အခြေအနေကိုတော့ မသိရသေးပါဘူး။

ကော့ကရိတ်မြို့နယ်မှာလည်း  တောင်သုံးလုံးစစ်ကောင်စီစခန်းကို DKBA ခွဲထွက် ဗိုလ်ချုပ်ကျော်သက်ဦးစီးတဲ့တပ်က  သြဂုတ် ၁၈ ရက် နေ့လယ် ၂ နာရီကျော်လောက်က စတင်တိုက်ခိုက်နေတယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့ထံက သိရပါတယ်။

6 hours Ago

August 25, 2020

စစ်တွေမှလာသည့် မော်တော်ယာဉ်များကို ဧရာဝတီတိုင်းအတွင်း ဝင်ခွင့်မပြု 

ဧရာဝတီတိုင်းအတွင်းကို ရခိုင်ပြည်နယ်၊ စစ်တွေကနေ လာရောက်တဲ့ မော်တော်ကားတွေကို ဖြတ်သန်းသွားလာခွင့် မရှိစေဖို့ ဒေသအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးတားမြစ်နေပါတယ်။ ကြံခင်းမြို့နယ် ဘက်ရဲမြို့ အုတ်ပုံဂိတ်၊ ပုသိမ်မြို့နယ် ချောင်းဝချိုင်ဂိတ်နဲ့ ရေကြည်မြို့နယ် ရေနံ့သာဂိတ်တွေမှာ စစ်ဆေးတားမြစ်နေတာလို့ သိရပါတယ်။ စစ်ဆေးမှုတွေကို သြဂုတ် ၂၂ ရက်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထောက်ခံစာ မူရင်း မိတ္တူ အထောက်အထား မပြည့်စုံပါက ဧရာဝတီတိုင်းအတွင်း ဝင်ခွင့်မပေးတော့ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ “ကားပေါ်ကဆင်းလို့ မရအောင်ကို ကျနော်တို့က စစ်မှာ ဒီလိုတင်းတင်းကျပ်ကျပ် လုပ်မှရမယ့် အခြေအနေလေ။ ရခိုင်ပြည်နယ်က လာမယ်ဆိုရင်တော့ မဖြစ်မနေ ၂၁ ရက်  ကွာရန်တင်း ထားရမှာပဲ”လို့ ပြောပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ အဆက်မပြတ်ပြုလုပ်နေပြီး သံသယတွေ တွေ့ရှိပါက  သက်ဆိုင်ရာနေရာတွေမှာ  ၂၁ ရက် Quarantine ဝင်ရမှာဖြစ်ပါတယ်။ ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က “ကျနော်တို့ စစ်တွေဘက်ကလာရင် ဝင်ခွင့်မပေးတော့ဘူး။ ဒီဘက်ကလည်း ရခိုင်ဘက် ထွက်ခွင့်မပေးတော့ဘူး။ စစ်တွေဘက်ကဆိုရင် တစ်ခါတည်းပြန်လွှတ်မယ်။ ကိုဗစ်-၁၉ ကင်းရှင်းတဲ့ အထောက်အထားပါမှပဲ ဝင်ခွင့်ပေးတော့မယ်။ ကိုယ့်တိုင်းအတွင်းကဆိုရင် စစ်ဆေးမှုပြုလုပ်ပြီး မသင်္ကာရင် Quarantine တန်းဝင်ခိုင်းမယ် နောက်မှ ဆိုင်တဲ့ဒေသက ပြန်လာခေါ်ပေါ့”လို့ ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွေကို ဧပြီ၂၁ ရက်ကစတင်ကာ  ကျန်းမာရေးစစ်ဆေးရေးဂိတ်အနေနဲ့ ဖွင့်လှစ်ခဲ့ပေမဲ့ ဇူလိုင်လကုန်မှာ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းတပတ်ကျော် ကာလအတွင်း လူပေါင်း ၈၀ ကျော်လောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု  ဆက်တိုက် ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ  ပြန်လည်လုပ်ဆောင်ရတာဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-သက်မင်းထွဏ်း(ဧရာဝတီတိုင်းမ်)
2 years Ago
Up